#LocalNews
Published -30 May 2022

 

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ရွေ့လျားဓာတ်ခွဲခန်းယာဉ် Mobile Laboratory Vehicles နှစ်စီးအပါအဝင် Sinopharm ကိုဗစ်ကာကွယ်ဆေး(၁၀)သန်း၊ ဆေးထိုးအပ်(၁၃)သန်းကိုလှူဒါန်းပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားပါတယ်၊၊

 

အခုလှူဒါန်းတဲ့ရွေ့လျားဓာတ်ခွဲခန်းယာဉ် Mobile Laboratory Vehicles နှစ်စီးကို နယ်စပ်ဂိတ်တွေမှာ ဦးစားပေးထားရှိအသုံးပြုမှာဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှုတွေမြန်ဆန်ချောမွေ့ပြီး နယ်စပ်ကုန်သွယ် ရေးကဏ္ဍပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်များစွာ အသုံးဝင်မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ကျေးဇူးတင်စကားဆိုရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်၊၊

မေလ ၂၉ ရက်မှာ လွှဲပြောင်းပေးအပ်တဲ့အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နဲ့ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ခဲ့ပါတယ်၊၊

 

အခုအကြိမ်လှူဒါန်းမှုမှာ Sinopharm ကိုဗစ်-၁၉ Vaccine ၁၀ သန်း၊ Vaccine ဆေးထိုးအပ် ၁၃ သန်းနဲ့ Mobile Laboratory Vehicles နှစ်စီးတို့ပါဝင်ပါတယ်၊၊

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်းဝင်းက "တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ Vaccine ၊ ဆေးဝါး၊ ဆေးထိုးအပ်၊ Mobile Laboratory Vehicles ၊ ရွေ့လျားအမိုးအကာဓာတ်ခွဲခန်း၊ လူနာတင်ယာဉ်စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းနှင့် စက်ပစ္စည်းအများအပြား လှူဒါန်းပေးအပ်ခြင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအကြိမ် တရုတ်နိုင်ငံမှလှူဒါန်းသည့် Vaccine များအား မြန်မာနိုင်ငံ လူငယ်နှင့်ကလေးသူငယ်များအတွက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ Mobile Laboratory Vehicles နှစ်စီးအား နယ်စပ်ဂိတ်များတွင် ဦးစားပေးထားရှိအသုံးပြုမည်ဖြစ်သည့်အတွက် ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့၍ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အသုံးဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်မှု ဗဟိုဌာန Myanmar Center of Disease Control (CDC) တည်ဆောက်ပြီးစီးပါက ဒေသတွင်းသာမက အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု စင်တာတစ်ခုဖြစ်လာပြီး မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုအား အထောက်အကူပြု၍ နှစ်နိုင်ငံကျန်းမာရေးနှင့် လူမှုစီးပွားညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေးအား မြှင့်တင်ပေးမည်ဟု ယုံကြည်ကြောင်း" ပြောကြားခဲ့ပါတယ်၊၊

 

မေလ(၂၉)ရက်အထိ တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့ထောက်ပံ့ပေးတဲ့ Vaccine ပမာဏစုစုပေါင်း (၅၁.၁၉)သန်းရှိပြီး ၎င်းတို့အနက် Vaccine (၂၁.၁) သန်းဟာ အခမဲ့လှူဒါန်းပေးအပ်ခြင်းဖြစ်ကာ Vaccine (၃၀.၀၉)သန်းကို သက်သာတဲ့စျေးနှုန်းနဲ့ မြန်မာနိုင်ငံကိုထောက်ပံ့ထားတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group