#LocalNews
Published_25 May 2022

 

ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ခမီတိုင်းရင်းသားများထဲတွင် ဆေးကျောင်းတက်ခွင့်ရသည့်လူငယ်တစ်ဦး ပထမဆုံးထွက်ပေါ်လာခဲ့ကြောင်း ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိသင်တန်းကျောင်းမှ သိရသည်။

 

ယင်းလူငယ်မှာ ဂန္ဓာရီပရဟိသင်တန်းကျောင်းတွင် ၈ တန်းမှစ၍ ကျောင်းတက်ခဲ့သူဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ရေဆူကျေးရွာဇာတိ မောင်ကျော်သန်းလင်းဖြစ်ကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ဘူးသီးတောင် အထက (၁)ကျောင်းမှ မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒစသည့် ဂုဏ်ထူး ၄ ဘာသာ၊ရမှတ်စုစုပေါင်း ၄၈၅ မှတ်ဖြင့် အောင်မြင်ခဲ့သူဖြစ်ကြောင်း ၊မိဘများမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြကာ မွေးချင်းနှစ်ဦးအနက် အငယ်ဖြစ်ကြောင်း ဂန္ဓာရီပရဟိသင်တန်းကျောင်း ၏ ခမီလူမျိုး ဂေဟာမှူးဦးသိန်းမောင်က YMG ကို ပြောသည်။

 

"ကျွန်တော်တို့ ခမီတိုင်းရင်းသားတွေထဲမှာ အစဉ်စဉ်အဆက်ဆက် ဆေးကျောင်းတက်ခွင့်ရတဲ့သူရယ်လို့ တစ်ယောက်မှမရှိဘူး။ဆရာဝန်ရယ်လို့လည်း တစ်ယောက်မှမရှိဘူး။အခုလို တစ်ယောက်ပေါ်ထွက်လာတာကြောင့် ဝမ်းသာမိတယ်။မိဘတွေကလည်း ဝင်ငွေသိပ်ရှိတာမဟုတ်ဘူး။လယ်ယာလုပ်ကိုင်ကြတယ်။ကျောင်းစရိတ်ကတော့ နည်းနည်း အခက်အခဲရှိမှာဖြစ်ပါတယ်။လက်ရှိမှာတော့ ကူညီမယ့်သူမရှိသေးဘူး။ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ပံ့ပိုးကြမယ်။ကျွန်တော်တို့မျိုးနွယ်စုအနေနဲ့ ဂုဏ်ယူမိတယ်"ဟု ယင်းကပြောသည်။

 

မောင်ကျော်သန်းလင်းအနေဖြင့် ရန်ကုန် ဆေးတက္ကသိုလ်အမှတ် (၂)တွင် တက်ခွင့်ရရှိကြောင်း ၊ မောင်ကျော်သန်းလင်းနှင့် မိဘများအား ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူများကတွေ့ဆုံလိုသောကြောင့် ယနေ့ မေလ ၂၅ ရက် တွင် နေပြည်တော်သို့ သွားရောက်နေကြောင်းလည်း သိရသည်။

 

ymg/mt

photo- အသျှင်အာဒိစ္စ
#Yangon_Media_group