#LocalNews
Published_24 May 2022

 

မျောက်ကျောက် (Monkeypox) ရောဂါမှာ သဘောသဘာဝအရ မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အဆိုပါ ကျောက်ရောဂါများနှင့် ပတ်သက်၍လည်းကောင်း၊ ရှိရင်းစွဲ ကူးစက်ရောဂါများနှင့် ပတ်သက်၍လည်းကောင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်‌ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

 

၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာအများအပြား (Outbreak) ဖြစ်ပွားမလာစေရေး ညှိနှိုင်းအစည်းအဝေးအတွင်း ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင်လည်း ကလေးငယ်များတွင် ရေကျောက်ရောဂါ (chickenpox) ဖြစ်ပွား တွေ့ရှိမှုများရှိလာသဖြင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး၊ ယခုအခါ ဖြစ်ပွားမှုမရှိတော့သော ကျောက်ကြီးရောဂါ (smallpox)၊ အလွန်ပြင်းထန်ခြင်းမရှိသော ရေကျောက်ရောဂါနှင့် လတ်တလော နိုင်ငံအချို့တွင် ကူးစက်မှုအသစ်များအဖြစ် တွေ့ရှိရသော monkeypox ရောဂါတို့၏ ရောဂါဖြစ်ပွားရာတွင် တွေ့ရှိရသော ရောဂါလက္ခဏာများတွင် ကွာခြားမှု၊ ဖြစ်နိုင်ခြေတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရေး ကျန်းမာရေး အသိပညာများ မြှင့်တင်ပေးရမည် ဖြစ်ကာ ရောဂါသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း ယင်းကဆိုသည်။

 

မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါသည် တိရစ္ဆာန်များတွင် ဖြစ်ပွားမှုမှ လူသို့ကူးစက်တတ်သည်ဖြစ်၍ One Health Approach အရ မွေးမြူရေးနှင့် ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်သွားရန် ၊ နိုင်ငံတကာတွင် ကူးစက်ဖြစ်ပွားမှုများကို ဆက်လက်စောင့်ကြည့်၍ နိုင်ငံတွင်း လက်ရှိရောဂါ စောင့်ကြပ်ကြည့်ရှုမှု စနစ်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

 

လတ်တလောတွင် အာဖရိက၊ အမေရိက၊ ဥရောပရှိ နိုင်ငံအချို၌ မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါ ဖြစ်ပွားမှုများ တွေ့ရှိလာရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးချက် ထုတ်ပြန်ထားသည်။

 

ymg/mt
#yangon_Media_Group