Published 22 May 2022

လာမည့်ရွေးကောက်ပွဲတွင် ခြွင်းချက်နှစ်ခုမှအပ လွှတ်တော်အားလုံးတွင် အချိုးကျကိုယ်စားပြုစနစ်(PR)ကျင့်သုံးသွားမယ်လို့ သိရှိရပါတယ်။

မေလ(၁၉)ရက်နေ့က ပြုလုပ်တဲ့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းရာမှာ ယခုလိုထုတ်ဖော်ပြောကြားသွားတာ ဖြစ်ပါတယ်။

အဲသလိုပြောင်းလဲဆောင်ရွက်ရာမှာ ရိုးရှင်းလွယ်ကူတဲ့ စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်(Closed list PR)ကို  ရွေးချယ်ထားကြတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

ဒါပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတွေမှ အမျိုးသားလွှတ်တော်တစ်ဦးစီနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီတင်မြှောက်ရာတွင်တော့ ယခင်ကျင့်သုံးခဲ့တဲ့ FPTPစနစ်ကိုပဲ ကျင့်သုံးမယ်လို့ သူကပြောပါတယ်။ အဲဒီခြွင်းချက်နှစ်ခုကလွဲလို့ ကျန်တာတွေအားလုံး PRကျင့်သုံးမယ်လို့ သူက ဆိုလိုတာဖြစ်ပါတယ်။

ဒီလိုပြောင်းလဲကျင့်သုံးဖို့အတွက် နိုင်ငံရေးပါတီတွေနှင့် တွေ့ဆုံဆွေးနွေးမှုတွေကနေ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ သူကရှင်းလင်းပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ရမယ့် အရေအတွက် မပြောင်းလဲဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တွေပိုင်းခြားသတ်မှတ်ခြင်းနှင့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ခြင်းတွေကို‌ ဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။

လာမယ့် ၂၀၂၃ခုနှစ်အတွင်း ရွေးကောက်ပွဲအသစ်တစ်ခု ပြန်လည်ကျင်းပပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရည်မှန်းဆောင်ရွက်နေတာဖြစ်ပါတယ်။