#Local_News
Published_ 22 May 2022

 

ရခိုင်ပြည်နယ် စစ်တွေမြို့၊ စစ်တွေ-ရေချမ်းပြင် မီးရထားလမ်းပိုင်းသို့ RBE ရထားတွဲ သုံးတွဲ မေ ၂၀ ရက်က ပို့ဆောင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားများနှင့် အများပြည်သူအတွက် တိုးချဲ့ပြေးဆွဲမှာဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ ရထားတွဲများမှာ ပြီးခဲ့တဲ့မတ်လကစပြီး ပြန်လည်ပြေးဆွဲနေတဲ့ ရထားလိုင်းတွင် တိုးချဲ့ပြေးဆွဲမှာဖြစ်ပြီး တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်ပြေးဆွဲတဲ့ ရထားလိုင်းတစ်ခုဖြစ်ပါတယ်။

 

အဆိုပါရထားတွဲ သုံးတွဲအနက် နှစ်တွဲကို တက္ကသိုလ် ကျောင်းသား၊သူများအတွက် ဦးစားပေးပြေးဆွဲမှာဖြစ်ပြီး ကျန်တစ်တွဲကို အများပြည်သူအတွက် ပြေးဆွဲမှာဖြစ်ကြောင်း သိရပါတယ်။

 

တက္ကသိုလ် ကျောင်းသား၊သူများအတွက် ရထားပြေးဆွဲမှုကို ကျောင်းဖွင့်သည့် အချိန်တိုင်း ပြေးဆွဲသွားမှာဖြစ်ပြီး လူတစ်ဦးလျှင် ရထားစီးခ ၁၅၀ ကျပ်သာ ကောက်ခံမှာဖြစ်ကြောင်း သိရပါတယ်။

 

စစ်တွေမြို့တွင် ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာ တက္ကသိုလ် စတဲ့ တက္ကသိုလ် ၃ခုရှိပြီး စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ် တို့မှာ စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းတွင်တည်ရှိပါတယ်။

 

ပြီးခဲ့တဲ့ မတ် ၂၄ ရက်က စစ်တွေ- ရေချမ်းပြင် မီးရထားလမ်းပိုင်းကို ပြန်လည် ပြေးဆွဲရန် ဖွင့်လှစ်ခဲ့ပါတယ်။

 

ရထားလက်မှတ်ဈေးနှုန်းများမှာ ပြည်တော်သာဘူတာမှ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာနှင့် ဒါးပိုင်ဘူတာအထိ (၅၀) ကျပ်၊ ပြည်တော်သာ ဘူတာမှ ဇောပူဂျာဘူတာနှင့် မယ်ဇလီကုန်းဘူတာအထိ (၁၀၀) ကျပ်နှင့် ပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာအထိ (၁၅၀) ကျပ် သတ်မှတ်ထားကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group