#Local_News
Published_ 22 May 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကမ္ဘောဇဘဏ်ငွေသိမ်းယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃၀၀၀ လုယက်မှုကျူးလွန်ခဲ့သူများအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် ကမ္ဘောဇဘဏ်မှ ဝန်ထမ်း ၃ ဦးလိုက်ပါလာသည့် ငွေသိမ်းယာဉ်ပေါ်မှ ပီနံအိတ် ၄ လုံးဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း ၃၀၀၀ အား လုယက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။

 

ထိုသို့ လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN 5H/4572 Probox အမျိုးအစား မော်တော်ယာဉ်အား စုံစမ်းရှာဖွေခဲ့ရာ အခင်းဖြစ်စဉ်က အဆိုပါ မော်တော်ယာဉ်အား AYY CC-4512 နံပါတ်ပြားမှ YGN 5H/4572 နံပါတ်ပြားသို့ ပြောင်းလဲတပ်ဆင်အသုံးပြု၍ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အဆိုပါ AYY CC-4512 Probox ယာဉ်နှင့် ယာဉ်ပိုင်ရှင်ဖြစ်သူတို့အား ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့ပါတယ်။

 

ယာဉ်ပိုင်ရှင်ဖြစ်သူ၏ ထွက်ဆိုချက်အရ AYY CC-4512 Probox မော်တော်ယာဉ်အား ၎င်း၏သူငယ်ချင်းဖြစ်သူ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၃)လမ်း၊ အမှတ်(၂၁၁)နေ ဝေလင်းထွန်း(၃၀)နှစ် (ဘ)ဦးတင်အောင်အား မေလ ၁၃ ရက်နေ့က ငှားရမ်းခဲ့ကြောင်း သိရှိရသဖြင့် ဝေလင်းထွန်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ “The Lord” စားသောက်ဆိုင်အနီးတွင် ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ဝေလင်းထွန်း(ခ)ကိုထွန်းအား စစ်ဆေးဖော်ထုတ်ချက်အရ ကမ္ဘောဇဘဏ် ငွေသိမ်းယာဉ်ပေါ်မှငွေများအား သူငယ်ချင်းများနှင့်အတူ လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆို ခဲ့ပြီး လုယက်မှုကျူးလွန်သည့်နေ့တွင် ၎င်း၏ သူငယ်ချင်းများဖြစ်ကြသည့် ဇင်ကိုကိုဦး(ခ)ဇင်ကို၊ ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော်၊ ဇွဲပြည့်စုံမှူး(ခ)ဇွဲကြီးတို့နှင့်အတူ ပါဝင်ကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာမှ ရရှိလာသည့် ငွေများအား တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၀ စီခွဲဝေယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါတယ်။

 

ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများနှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပြည်သူလူထုများအကြား စိုးရိမ်ထိတ်လန့်မှုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်အပေါ် အခွင့်ကောင်းယူကာ ငွေကြေးလိုအပ်ချက်အပေါ် အခြေခံပြီး ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ဖြစ်စဉ်တွင် လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၅ ဦးနှင့် ပူးပေါင်းပါဝင်သူ အမျိုးသမီးတစ်ဦးတို့အား သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ် ၂၂၁၀ သိန်းနှင့် လုယက်မှု ကျူးလွန်စဉ် အသုံးပြုခဲ့သည့် AYY CC-4512 Probox ယာဉ် ၁ စီး၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် 82W-40613 Honda PCX ဆိုင်ကယ် ၁ စီး၊ ရွှေဆွဲကြိုး ၁ ကုံး၊ Xiaomi အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ Vivo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးနှင့် Redmi Note 11 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group