#LocalNews
Published_21 May 2022

 

ရခိုင်ပြည်နယ်တွင်ပြေးဆွဲမည့် RBE ရထားတွဲသစ် သုံးတွဲ စစ်တွေမြို့သို့ မေလ ၂၀ ရက်က ရောက်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။

 

အဆိုပါ ရထားတွဲများအနက် နှစ်တွဲကို စစ်တွေတက္ကသိုလ်ကျောင်းသား၊ သူများ သွားလာရေး အဆင်ပြေစေရန် ဦးစားပေးပြေးဆွဲမည် ဖြစ်ကြောင်း၊ ကျောင်းဖွင့်သည့်အချိန်တိုင်း လူတစ်ဦးလျှင် ၁၅၀ ကျပ်ကောက်ခံမည် ဖြစ်ကြောင်းနှင့် ကျန်တစ်တွဲကို ပြည်သူများအတွက် ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ အရာရှိတစ်ဦးကပြောသည်။

 

စစ်တွေမြို့တွင် ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ် ဟူ၍ ရှိပြီး စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ်မှာ စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်း၌ တည်ရှိကြောင်း သိရသည်။

 

"တက္ကသိုလ် ကျောင်းတက်ရတဲ့နေ့မှာ ရထားတွဲသစ်ကို စပြီးတော့ ဆွဲမယ်။ တစ်ယောက်ကို စီးခ ၁၅၀ ကျပ်သတ်မှတ်ထားတယ်။ အသွားအပြန်ဆိုရင် ၃၀၀ ပေါ့ ကားနဲ့ဆိုရင် တစ်ယောက်ကို ၁၅၀၀ တောင်ပေးနေရတယ်။ ဒါကြောင့် ကျောင်းသား ကျောင်းသူတွေကို ဦးစားပေးတာပါ" ဟု အဆိုပါ အရာရှိက ပြောသည်။

 

စစ်တွေ- ရေချမ်းပြင် မီးရထားလမ်းပိုင်းကို ၂၀၂၂ ခုနှစ် မတ်လ (၂၄)ရက်တွင် ပြန်လည်ပြေးဆွဲရန် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်တော်သာဘူတာမှ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာနှင့် ဒါးပိုင်ဘူတာအထိ (၅၀)ကျပ်၊ ပြည်တော်သာ ဘူတာမှ ဇောပူဂျာဘူတာနှင့် မယ်ဇလီကုန်းဘူတာအထိ (၁၀၀)ကျပ်နှင့် ပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာအထိ (၁၅၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group