#LocalNews
Published -21 May 2022

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ပုဂ္ဂလိကပျားမွေးမြူသူဦးရေ (၈၂၀) နဲ့ ပုဂ္ဂလိကပျားအုံ(၂၀၁၁၄၃) အုံအထိ တိုးတက်မွေးမြူလျက်ရှိပြီး ပျားမွေးမြူရေးကနေ တစ်နှစ်ကို ပျှမ်းမျှနိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းရရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှသိရပါတယ်၊၊

 

မေလ(၂၀)ရက်ကနေပြည်တော်မှာကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ပျားနေ့ (World Bee Day) အထိမ်းအမှတ် အခမ်းအနားမှာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်၊၊

 

ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက ပြောကြားရာမှာ "၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ပုဂ္ဂလိက ပျားမွေးမြူသူဦးရေ ၈၂၀နဲ့ ပုဂ္ဂလိက ပျားအုံ(၂၀၁၁၄၃) အုံအထိ တိုးတက်မွေးမြူလျက်ရှိကြောင်း၊ ပျားအုံပေါင်း ၂၀၁၁၄၃ အုံမှ ပျားရည် ၆၅၀၀ မက်ထရစ်တန် ထုတ်လုပ်ပြီး တစ်နှစ်ပျှမ်းမျှ (၂၅၀၀) မက်ထရစ်တန် နိုင်ငံခြားသို့ တင်ပို့လျက်ရှိပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းရရှိလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ပျားမွေးမြူရေးကဏ္ဍမှ နှစ်စဉ်စိုက်ပျိုးဧက သိန်း ၂၀ ခန့် ဝတ်မှုန်ကူး ဝန်ဆောင်မှုပေးလျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင်လည်း မြန်မာနိုင်ငံ နေကြာစိုက်ဧက၏ ၁၁ ရာခိုင်နှုန်းကို ဝတ်မှုန်ကူးမှု ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေသပျားမျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းသည် တစ်ဖက်တစ်လမ်းမှ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုပါ စောင့်ရှောက်ခြင်း ဖြစ်သကဲ့သို့ ပတ်ဝန်းကျင်အတွက် အရေးပါလှသည့်ပျားများကို ကာကွယ်စောင့်ရှောက်ကြဖို့လိုတယ်လို့"တိုက်တွန်းမှာကြားခဲ့ပါတယ်၊၊

 

ကမ္ဘာ့ပျားနေ့ (World Bee Day) ပေါ်ပေါက်လာပုံနဲ့ ပတ်သက်လို့ ကမ္ဘာ့ခေတ်မီပျားမွေးမြူရေးသမိုင်းကို ပထမဦးစွာ စတင်ခဲ့သူ Slovenia နိုင်ငံသား Anton Jansa ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့မွေးနေ့ဖြစ်တဲ့ မေလ(၂၀)ရက်တိုင်း ကမ္ဘာတစ်ဝန်းမှာကမ္ဘာ့ပျားနေ့ အခမ်းအနားတွေကို ကျင်းပကြပြီး ပျားရည်နှင့် ပျားထွက်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြတယ်လို သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group