#LocalNews
Published - 10 May 2022

 

ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနှစ်ဦးကို နောက်ကနေ အုတ်နီခဲဖြင့် ခေါင်းကိုရိုက်ပြီး ပိုက်ဆံအိတ်ကို လုယူသွားခဲ့သည့်ဖြစ်စဥ်တစ်ခု မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ လုယက်မှုဖြစ်စဥ်ဟာ ယခုမေလ ၅ ရက်နေ့၊ ည ၈ နာရီနဲ့ ၉ နာရီကြားအချိန်တွင် မန္တ လေးမြို့၊ လမ်း(၃၀,၆၀နှင့် ၆၁)လမ်းကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

"ညီမဖြစ်သူနဲ့ တူမဖြစ်သူက ဆိုင်ကယ်မောင်းနေချိန်မှာ သူတို့ဆိုင်ကယ်နောက်ကနေ Scoppy အနက်ရောင်နဲ့ လူနှစ်ယောက်က အုတ်နီခဲနဲ့ ခေါင်းကိုရိုက်ပြီး ပိုက်ဆံအိတ်ကိုလုယူသွားခဲ့တာပါ။ ညီမဖြစ်သူကခေါင်း(၅)ချက်ချုပ်ရတယ်။ တူမဖြစ်သူက လက်ကိုခိုင်းမိသွားခဲ့တယ်။ ရွှေဆွဲကြိုးတစ်ကုံး ပန်းပွင့်ပုံဆွဲသီးတစ်ခု ဟန်းချိန်းတစ်ခု Oppo ဖုန်းတစ်လုံး ငွေသားတစ်သိန်းပါသွားခဲ့ပါတယ်။"လို့ လုယက်ခံရသည့် ကာယကံရှင် မိသားစုဝင်တစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ မန္တလေးမြို့တွင် လုယက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး တစ်ခါတစ်ရံ လုယက်သူများက လုယက်ယုံတင်မကဘဲ အသက်အန္တရာယ်ပေးသည့် အခြေအနေမှာတောင်ရှိနေသည့်အတွက် မြို့ခံပြည်သူတွေအနေနဲ့ ပြင်ပသို့ သွားလာရာမှာ အချင်းချင်း သတိပေး၍ အထူးဂရုပြုသွားလာနေရတယ်လို့ သိရပါတယ်။

 

"ကြုံဘူးတယ် လမ်း ၆၀ နဲ့လမ်း ၃၀ ကြားမှာ ကိုယ်တွေတုန်းက အနောက်ကနေလှမ်းလုပြီး ရိုက်တာတောင်မဟုတ်ဘူး အရှေ့တည့်တည့်ကနေ လှမ်းရိုက်ပြီး ပိုက်ဆံအိတ်လှမ်းဆွဲဖြုတ်တာ ကိုယ်လည်း သတိရှိနေတာနဲ့ ဆိုင်ကယ်လက်ကိုင်ခေါက်ပြီး ခေါင်းရှောင်မောင်းတော့ မမီလိုက်ဘူး။ အဲ့နေ့ကနော် လမ်းမှာ လူအရမ်းမရှင်းသေးဘူး။ အနားက ဆိုင်ကယ်တွေလိုက်တော့ အသားကုန်မောင်းပြေးတာ ဖမ်းမမိလိုက်ဘူး"လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ပြီးခဲ့သည့် နှစ်ပိုင်းမှစလို့ မန္တလေးမြို့တွင် လုယက်မှုဖြစ်စဥ်တွေ ပေါများလာခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်ဖြင့် လုယက်မှု၊ ဓါးခုတ်လုယက်မှုနဲ့ အုပ်စုဖွဲ့ လုယက်မှု ဖြစ်စဥ်တွေ အများအပြား ဖြစ်ပေါ်ခဲ့တာပါ။

 

ယင်း လုယက်မှုဖြစ်စဥ်တွေကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သလို သေဆုံးသူများလည်း ရှိခဲ့တာဖြစ်တယ်လို့လည်း မန္တလေးမြို့ဒေသခံများထံမှ သိရပါတယ်။

 

Photo - CJ

 

ymg/kg
#Yangon_Media_Group