#LocalNews
Published_10 May 2022

 

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယာဉ်မတော်တဆမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

 

မေလ ၉ ရက် ည ၁၁ နာရီကျော်အချိန်က စစ်တွေမြို့ ပြည်တော်သာရပ်ကွက် မူလွန် အ.မ.က (၁၅)ရှေ့တွင်စစ်တွေမြို့ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ပလပ်ဖောင်းအောက်လမ်းဘေးသို့ ထိုးကျသွားခဲ့ပြီး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းများကို စစ်တွေဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက သိရသည်။

 

"သူတို့ကို ဆေးရုံကိုယူတယ်။ တစ်ယောက်က လမ်းမှာဆုံးတယ်။ နောက်တစ်ယောက်က ဆေးရုံရောက်ပြီးမှ ဆုံးတာ။ တစ်ယောက်က ရန်ကုန်မှာနေတဲ့ စစ်တွေဇာတိ ရခိုင်တိုင်းရင်းသားပါ။နောက်တစ်ယောက်ကတော့ စစ်တွေကပဲ။ လမ်းဟောင်းနဲ့ လမ်းသစ်ကို ဆက်ထားတဲ့လမ်းဆုံ နားလေးဆိုတော့ ဂုံးတက်တစ်ခုရှိတယ်။ အဲဒီနားမှာ ဖြစ်သွာတာ "ဟု ဖောင်ဒေးရှင်းတာဝန်ရှိသူက ပြောသည်။

 

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၁၂၃ ဦး၊ ဒဏ်ရာရရှိသူပေါင်း ၂၈၇ ဦး ရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စာရင်းများတွင် ဖော်ပြထားသည်။

 

ymg/mt
#Yangon_media_Group