#LocalNews
Published - 9 May 2022

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များအား ယခုမေလ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ တက္ကသိုလ်/ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များ၏ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ပေးရေးနှင့် ထောက်ပံ့ငွေချီးမြှင့်ခြင်း အခမ်းအနားကို ဒီကနေ့ မေလ ၉ ရက်၊ နံနက်(၁၁)နာရီ အချိန်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက "တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နေပြည်တော်ကောင်စီအနေဖြင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တင်ပြပေးစေလိုပါတယ်။ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ဆရာ/ဆရာမများ အောင်မြင်စွာ သင်ကြားပို့ချနိုင်ရေးတိုအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပေါင်းစပ်ဆောင်ရွက်ပေးစေလိုပါတယ်" လို့ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။

 

ဒါ့အပြင် တက္ကသိုလ်များဖွင့်လှစ်ချိန်တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများရှိပါကလည်း ထိုးနှံပေးသွားမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြောပါတယ်။

 

ယနေ့ အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တက္ကသိုလ်/ ဒီဂရီကောလိပ်များအား တစ်ကျောင်းလျှင် ငွေကျပ်ငါးသိန်းနှုန်းကို သက်ဆိုင်ရာ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များထံ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓါတ်ပုံ - နေပြည်တော် ကောင်စီ

 

ymg/kg
#Yangon_Media_Group