#LocalNews
Published - 6 May 2022

အောင်မဂ်လာအဝေးပြေး ကားမှတ်တိုင်အနီးတွင် အုပ်စုဖွဲ့၍ ဓားထောက်လုယက်မှုများရှိနေပြီး အဆိုပါ ပတ်ဝန်းကျင်ရှိ ဆိုင်ကယ်ကယ်ရီသမားများနှင့် လူမိုက်အဖွဲ့အချို့ကပါ ပူးပေါင်းပါဝင်နေတယ်လို့ ယင်းမြို့နယ်အတွင်း နေထိုင်သူများထံမှ သိရပါတယ်။

 

"ကားဝန်းထဲမှာ ပါဆယ်ထုပ်စရာရှိလို့ မှတ်တိုင်မှာဆင်းပြီး ကယ်ရီနဲ့ ပါဆယ်သွားထုပ်ခဲ့ပါတယ်။
ကယ်ရီကိုလဲ အသွားပြန် ငှားလိုက်တယ်။ ပါဆယ်ထုပ်ပြီး အပြန်မှတ်တိုင်မှာ ခဏ YBS 93
ကိုစောင့်နေတာပါ။ အလုပ်က တောင်ဥက္ကလာမှာဆိုတော့ ဆိုင်ကယ်သမားအုပ်စုနဲ့ လူမိုက်လား ၊ သူခိုးလား ဓားပြလား မသိတဲ့ အဖွဲ့က ကျနော်ကို ဝိုင်းပြီး ဓားပြပြီးဖုန်းတောင်းတယ်၊ ပြီးတော့ဓားနဲ့ ထောက်သလိုလုပ်တယ်။ အဲ့အချိန်မှာ မှတ်တိုင်မှာ ကားစောင့်နေတဲ့လူ ၁၀ ယောက်လောက်လဲတွေ့တယ်။ ဖုန်းနဲ့ ပိုက်ဆံအိတ် ထုတ်ခိုင်းပြီး ပိုက်ဆံ ၃ သိန်းပါသွားတယ်။ ဖုန်းတော့ မလုပ်ပါနဲ့ဆိုပြီး တောင်းပန်လို့ ဖုန်းတော့အတင်းမလုဘူး။ ဖုန်းတော့ပြန်ပေးတယ် ပိုက်ဆံမပါရင်တော့ ဖုန်းယူမှာပေါ့၊ ပြီးတော့ ကျနော်တက္ကစီငှားနေတုန်း သူတို့ကို ကြည့်လိုက်တော့ အေးဆေးထိုင်နေကြတယ်။ ဒီလိုဖြစ်မျိုး နေ့တိုင်းနီးပါးလုပ်လေ့ရှိတယ်လို့ အဲ့မှတ်တိုင်နားက လူတွေကိုပြောပြခဲ့တယ်"လို့ လုယက်ခံရသူ တစ်ဦးက ၄င်းကြုံတွေ့ခဲ့ရသည့် ဖြစ်စဥ်ကို ယခုလိုပြောပြခဲ့ပါတယ်။

 

အဆိုပါ ဖြစ်စဥ်ဟာ မေလ ၂ ရက် နေ့ နံနက် အစောပိုင်းအချိန်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း ၄င်းကပြောပါတယ်။

 

ဒါ့အပြင် ယင်းဖြစ်စဥ်နဲ့ ပတ်သက်ပြီး အများပြည်သူသတိထားမိစေရန်နှင့် ဂရုတစိုက်သွားလာကြဖို့ကိုလည်း ၄င်းကြုံတွေ့ခဲ့ရသည်များကို လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေရေးသားခဲ့ပါတယ်။

 

"ဥပဒေမဲ့လုပ်ရပ်တွေပါပဲ။ လူတွေအများကြီးတွေ့တယ် ဝင်မပြောရဲဘူး။ ကျနော်က မေ့ပြစ်လို့ရပါတယ်၊ ရှောင်သွားလို့လဲရတယ်။ ဒါပေမဲ့ နောက်လူတွေ ဒီလိုမဖြစ်ရအောင် အသိပေးခြင်းဖြစ်ပါတယ်။ ကျနော်ငှားစီးတဲ့ ဆိုင်ကယ်သမားကိုယ်တိုင်က အဲ့လိုလုပ်စားနေတာပါ။ အဝေးပြေး မှတ်တိုင်က ဆိုင်ကယ်ကို မစီးမိပါစေနဲ့ဖြစ်နိုင်ရင် ကားမှတ်တိုင်မှာ မစောင့်ပါနဲ့ အခက်မသင့် ရင် အသက်အန္တရာယ်ပါစိုးရိမ်ရတယ်။" လို ၄င်းက ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် ယခု မေလ ၃ ရက်နေ့က လှည်းတန်းလမ်းဆုံမှာ ဖုန်းလုတဲ့သူကို ဝိုင်းဖမ်းဆီးတဲ့ ဆိုက်ကားဆရာဟာ အငြိုးထားခံခဲ့ရပြီး နောက်ရက်မှာ အုပ်စုဖွဲ့ရိုက်နှက်ခံရလို သေဆုံးသွားခဲ့ရတဲ့ ဖြစ်စဥ်တစ်ခုလည်း ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တာပါ။

 

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးရှိ ဇေယျာသီရိလမ်းထိပ်မှာ ဆိုက်ကားဆရာက ခရီးသည်စောင့်နေစဉ်မှာ အမည်မသိလူအုပ်စုက တုတ်၊ ဓားတွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တာပါ။

 

အဆိုပါ ဆိုက်ကားဆရာဟာ လှည်းတန်းမှာ ဖုန်းလုတဲ့သူတွေကို မေလ ၃ ရက်နေ့က ဝိုင်းဖမ်းပေးပြီး နောက်ရက် မေလ ၄ ရက်နေ့မှာ အခုလို ရိုက်နှက်ခံရတာဖြစ်ပါတယ်။

 

ထို့အပြင် ဆင်းကတ်ရောင်းသူတစ်ဦးလည်း ပေါင်ကို ဓားနဲ့ထိုးမိသွားပါသေးတယ်။ အနီးအနားကလူတွေလည်း ဝိုင်းဝန်းမကူညီရဲဘဲ ကြည့်ပဲနေရတယ်လို့ အဆိုပါ အနီးပတ်ဝန်းကျင်တွင် နေထိုင်သူတွေက ပြောပါတယ်။

 

ယင်းကဲ့သို့သော လုယက်ရိုက်နှက်မှု ဖြစ်စဥ်တွေဟာ ရန်ကုန်မြို့မှာ နေ့စဥ်ဆိုသလိုဖြစ်ပွားနေတာ ဖြစ်ပါတယ်။

 

ဒါကြောင့်လည်း ဂရုတစိုက်သွားလာကြဖို့ကို ပြည်သူအချင်းချင်း သတိပေးနေရတယ်လို့လည်း သိရပါတယ်။

 

ပုံစာ - အောင်မဂ်လာအဝေးပြေး ကားဝန်းတစ်နေရာအားတွေ့ရစဥ်။

 

ymg/kg
#Yangon_Media_Group