#LocalNews
Published - 6 May 2022

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံရှိ အချို့ဒေသတွေမှာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်၊၊

 

ဒါနဲ့ပတ်သက်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်းက "အဲဒီလေဖိအားနည်းရပ်ဝန်းက လောလောဆယ်အထိတော့ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားတာမျိုး မရှိသေးပါဘူး၊၊မေလ(၁၀)ရက်နေ့အထိ အိန္ဒိယဘက်ကို ဦးတည်ရမယ့်အနေအထားပေါ့ ကျန်တဲ့ရက်တွေမှာတော့ စောင့်ကြည့်ရဦးမှာပေါ့၊၊လေဖိအားနည်းရပ်ဝန်းကြောင့်ဖြစ်ပေါ်လာတဲ့ တိမ်တိုက်တွေကိုတော့ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့နဲ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွအနေနဲ့သတိထားဖို့လိုတယ်"လို့ YMGကို ပြောပါတယ်၊၊

 

ဒီ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တိုရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားပါတယ်၊၊

 

လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊မေလ(၇) ညနေပိုင်းမှာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊မေလ(၈)ရက်ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊မေလ(၁၀)ရက်မှာဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း (အိန္ဒိယ နိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်၊၊

 

အဲဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မေလ(၆)ရက်မှ(၁၀)ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး၊ အချို့ဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းသိရပါတယ်၊၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီးလှိင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်တယ်လို ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group