#LocalNews
Published - 6 May 2022

 

ရန်ကုန်တိုင်းအတွင်းမှာ သက်ကြီးဆရာဝန်(၄၅၀)ဦး ရှိပြီးသူတို့အတွက် ငွေရေးကြေးရေးထောက်ပံ့မှုအစီအစဥ်တွေ ပြန်လည်ဆောင်ရွက်နေပြီဖြစ်တယ်လို့ သက်ကြီးဆရာဝန်များအထောက်အကူပြုအဖွဲ့ထံမှ သိရပါတယ်၊၊

 

ကိုဗစ်ဖြစ်ပွားမှုတွေကြောင့် သက်ကြီးဆရာဝန်များ အထောက်အကူပြုအဖွဲ့လှုပ်ရှားမှုတွေ ယာယီနားထားရာမှ အခုပြန်လည်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်၊၊

 

နာမကျန်းဖြစ်တဲ့သက်ကြီးဆရာဝန်တွေ၊ မျက်စိခွဲရတဲ့သက်ကြီးဆရာဝန်တွေနဲ့ ကွယ်လွန်သွားတဲ့သက်ကြီး ဆရာဝန်တွေအတွက် ထောက်ပံ့ကြေးတွေပေးနေတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်း၊ သက်ကြီးဆရာဝန်များ အထောက်အကူပြုအဖွဲ့၊ ဘဏ္ဌာရေးမှူး ဒေါက်တာကြည်မေသိန်းက YNG ကို ပြောပါတယ်၊၊

 

"အသက်(၇၀)ကျော်အရွယ် ဆရာဝန်တွေဆိုရင် အန်တီတို့အဖွဲ့ကိုဝင်လို့ရတယ်၊၊ အန်တီတို့မှာမန်ဘာအဖွဲ့ဝင် အားလုံး(၉၀၀)ကျော်ရှိတယ်၊၊ ကွယ်လွန်သွားသူတွေ၊ မန္တလေးကသူတွေ ဖယ်လိုက်ရင် ရန်ကုန်တိုင်းမှာတော့(၄၅၀)လောက်ရှိပါတယ်၊၊ သူတို့ကို ငွေရေးကြေးရေးထောက်ပံ့မှု၊လူမှုရေးထောက်ပံ့မှု၊ သွားရောက်အားပေးပံ့ပိုးမှုတွေ လုပ်ပါတယ်၊၊ medical check upလုပ်ပေးတာတွေ၊ ဆေးပညာဆိုင်ရာဟောပြောပွဲတွေ လုပ်ဆောင်ပေးပါတယ်၊၊

 

ကိုဗစ်တွေ ဖြစ်တုန်းကတော့ အန်တီတို့ သက်ကြီးဆရာဝန်များ စင်တာပိတ်လိုက်ရတယ်၊၊ အခုအန်တီတို့ ရုံးပြန်ဖွင့်ထားပါတယ်၊၊ ဒါပေမယ့် အရင်လိုငါးရက်မဟုတ်တော့ဘဲ အင်္ဂါနဲ့သောကြာ နေ့ဖွင့်ထားပါတယ်၊၊ နေမကောင်းဖြစ်တဲ့သူ၊ နာမကျန်းဖြစ်တဲ့သူတွေအတွက် အန်တီတို့ ငွေရေးကြေးရေးထောက်ပံ့မှု ပြန်လုပ်နေပါတယ်၊၊

 

ရောဂါတွေမဖြစ်တော့ရင် အိမ်တိုင်ရာရောက်သွားရောက်အားပေးတွေ့ဆုံမှုတွေ ပြန်လုပ်သွားမှာဖြစ်တယ်"လို့ မြန်မာနိုင်ငံဆရာဝန်အသင်း၊ သက်ကြီးဆရာဝန်များ အထောက်အကူပြုအဖွဲ့၊ ဘဏ္ဌာရေးမှူး ဒေါက်တာကြည်မေသိန်းက YNG ကို ပြောပါတယ်၊၊

 

ငွေရေးကြေးရေးထောက်ပံ့မှုအနေနဲ့ သက်ကြီးဆရာဝန်တွေနေထိုင်မကောင်းဖြစ်ရင် ဆေးရုံတက်ရရင်ကျပ်နှစ်သိန်း၊ မျက်စိတစ်ဖက်ခွဲရင်တစ်သိန်း၊ နှစ်ဖက်ခွဲရင် နှစ်သိန်း၊ ကွယ်လွန်သွားရင် နာရေးထောက် ပံ့မှုတစ်သိန်းပေးတယ်လို့ ဆိုပါတယ်၊၊

 

သက်ကြီးဆရာဝန်များ အထောက်အကူပြုအဖွဲ့ကို ၁၉၉၉ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး သက်ကြီးဆရာဝန်တွေ ကျန်းမာရေးနဲ့လူမှုရေး ထောက်ပံ့မှုတွေဆောင်ရွက်ပေးခဲ့ပြီး ဆေးပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတအတွက် ဟောပြောပွဲတွေလည်း ကျင်းပပေးတာတွေ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်၊၊ ဒီ့အပြင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဗုဒ္ဓဘာသာအဖွဲ့၊အမျိုးသမီးဆရာဝန်များအဖွဲ့စတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပြီး ပရဟိတတွေ၊ သက်ကြီးစောင့်ရှောက်မှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group