#LocalNews
Published_6 May 2022

ထိုင်းနိုင်ငံ၊ အုဒွန်ဌာနီမြို့တွင်၊ မေလ ၅ ရက် ထိုင်းဒေသစံတော်ချိန် ည ၉ နာရီခွဲအချိန်ခန့်အချိန်က ရထားသံလမ်းပေါ်၌ မြန်မာနိုင်ငံသားတစ်ဦး ရထားကြိတ်ခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုင်းဒေသတွင်းသတင်းများတွင် ရထားကြိတ်ခံရကာ သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုမြဝင်းဆိုသူဖြစ်ပြီး ရထားသံလမ်းပေါ်တွင် အိပ်၍ ဖုန်းပြောနေကြောင်း ရေးသားထားကြသည်။

 

ယင်း ဖြစ်စဉ်တွင် အုဒွန်ဌာနီရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားခဲ့သော နေရာသို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ရထားကြိတ်ခံရကာ သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုထားသည်ဟုဆိုသည်။

 

သေဆုံးသူ ကိုမြဝင်းသည် ထိုင်းနိုင်ငံ အုဒွန်ဌာနီမြို့တွင် နေထိုင်ပြီး ကျပမ်းအလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကာ နေ့စဉ်အလုပ်သိမ်းပြီးနောက်ပိုင်း နခွန်လာချစီမာ - အုဒွန်ဌာနီမြို့သို ပြေးဆွဲသော ရထားသံလမ်းပေါ်တွင် အရက်သောက်၍ ဖုန်းပြောလေ့ရှိကြောင်း ကိုမြဝင်းရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူတစ်ဦးက ပြောသည့်စကားကို ကိုးကား၍ သတင်းများတွင် ဖော်ပြထားကြသည်။

 

"ရထားသံလမ်းပေါ်မှာ အိပ်ပြီးဖုန်းပြောနေတာဘယ်သူမြင်လို့လဲ။ ဖုန်းနဲ့တွေ့တာနဲ့ဖုန်းပြောနေတယ်လို့ စွပ်စွဲလို့ရလား။ သတ်ပြီးလာထားသွားရင်ကော။ သေချာ စစ်ဆေးဖို့လိုတယ်"ဟု ထိုင်းနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးက မှတ်ချက်ပြုသည်။

 

ယခုအခါ အုဒွန်ဌာနီရဲတပ်ဖွဲ့က သေဆုံးသူ ကိုမြဝင်း၏ ရုပ်အလောင်းကို အုဒွန်ဌာနီဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး၊ အလုပ်အကိုင်ရှာဖွေပေးရေးရုံးသို့ ဆက်သွယ်သတင်းပေးပို့၍ သေဆုံးသူ၏ ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ရရန် ကြိုးစားနေကြောင်းနှင့် အကူအညီပေးနိုင်ရန် လုပ်ဆောင်နေကြောင်း လည်းသိရသည်။

 

ymg/mt
#Yangon_Media_Group