#LocalNews

Published_5 May 2022

 

ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ်(၁) တံတားကို မေလ ၁၅ ရက်တွင် ပြန်ဖွင့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း နယ်စပ်ဖြတ်ကျော်လုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

"မဲဆောက် - မြဝတီ ချစ်ကြည်ရေးအမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ထိုင်းနဲ့ မြန်မာ တာဝန်ရှိသူတွေ ဒီနေ့ မေလ ၅ ရက်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဖွင့်လှစ်တဲ့နေ့မှာပဲ MOU အလုပ်သမားတွေကိုလည်း စေလွှတ်ဖို့ရှိတယ်လို့ သိရတယ်ခင်ဗျ"ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရသော အဆိုပါတံတား၏ ထိုင်းဘက်ခြမ်းတွင် မေလ ၁ ရက်က သန့်ရှင်းရေးပြုလုပ်ခဲ့ပြီး မေလ ၃ ရက် နံနက်ပိုင်းတွင် မြန်မာဘက်ခြမ်း၌ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ တံတားကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်ကစတင်၍ ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက် ည ၁၀ နာရီ ခွဲခန့်အချိန်က မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း)မုဒ်ဦးတွင် မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့သောကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် အဆောက်အဦ ပျက်ဆီးခဲ့သေးသည်။

 

မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားသည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တိုကို ဆက်သွယ်ရန် သောင်ရင်းမြစ်ပေါ်၌ ဆောက်လုပ်ထားသော တံတားဖြစ်သည်။

 

၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၄၂၀ မီတာ (၁,၃၈၀ ပေ) ရှည်လျားကာ ၁၃မီတာ (၄၂ပေ ၈လက်မ) ကျယ်ဝန်းပြီး အရေးပါသော တံတားတစ်စင်းဖြစ်သည်။ လွန်ခဲ့သော ၂၀၁၉ခုနှစ်က အမှတ် (၂)တံတားကို ဖွင့်လှစ်ခဲ့ပြီးနောက် အမှတ် (၁)တံတားမှ လူနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးတော့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group