#Local_News
Published_ 2 May 2022

 

မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား RCEP သဘောတူညီချက်အရ ကုန်ပစ္စည်း အမျိုးအစား ၆၀၀၀ ခန့်ကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်တဲ့ အခွင့်အရေးရရှိမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
RCEP ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Regional Comprehensive Economic Partnership Agreement) ရဲ့ သဘောတူ စာချုပ် အပိုဒ် (၂၀.၆) စာချုပ် အသက်ဝင်ခြင်းအရ မြန်မာနဲ့ တရုတ်တို့ အကြားတွင် ၂၀၂၂ ခုနှစ် မေ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ စတင်အသက်ဝင်တာကြောင့် မြန်မာ့လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းအမျိုးအစား ၅၉၆၉ မျိုးကို အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နိုင်တဲ့ အခွင့်အရေးရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ သဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပိုတဲ့ ကုန်ပစ္စည်းများကို လျင်မြန်စွာ ထုတ်ယူနိုင်တဲ့ အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။

 

တင်ပိုခွင့်ရမယ့် ကုန်ပစ္စည်း အမျိုးအစားတွေကတော့ တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ၃၆၈ မျိုး၊
စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း ၃၈၉ မျိုး၊ ဆီထွက်ကုန်ပစ္စည်း ၁၀ မျိုး၊ အစားအစာနှင့် စပ်လျဉ်းတဲ့ ကုန်ပစ္စည်း ၁၆၃ မျိုး၊ တွင်းထွက်ကုန်ပစ္စည်း ၁၈၁ မျိုး၊ ဓာတုထွက်ကုန်နှင့် လုပ်ငန်းသုံးကုန်ပစ္စည်း ၁၁၂၇ မျိုး၊ ပလတ်စတစ်ပစ္စည်း ၁၂၅ မျိုး၊ သားရေထည် ပစ္စည်း ၆၇ မျိုး၊ သစ်တောထွက်ပစ္စည်း ၂၃၄ မျိုး၊ အထည်အလိပ်နှင့်စပ်လျဉ်းတဲ့ ကုန်ပစ္စည်း ၉၀၃ မျိုး၊ ဖိနပ်၊ ထီးအပါအဝင်ပစ္စည်းမျိုးစုံ ၂၉ မျိုး၊ ဘိလပ်မြေနှင့် ဘိလပ်မြေထွက်ပစ္စည်းများ၊ မှန်နှင့် မှန်ပစ္စည်း ၁၄၆ မျိုး၊ ပုလဲနှင့် အဖိုးတန်ကျောက်မျက်ပစ္စည်း ၆၂ မျိုး၊ သတ္တုနှင့် သတ္တု အခြေခံပစ္စည်း ၅၅၄ မျိုး၊ စက်နှင့်စက်ပစ္စည်းအစိတ်အပိုင်း ၁၀၅၈ မျိုး၊ မော်တော်ကား၊ လေယာဉ်၊ သင်္ဘောနှင့် သယ်ယူပို့ဆောင်ရေး အစိတ်အပိုင်းများ ၂၄ မျိုး၊ ဆေးပစ္စည်း၊ ရုပ်ရှင်လုပ်ငန်းသုံးပစ္စည်းနှင့် တူရိယာပစ္စည်း ၂၄၀ တို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ymg-mnn
#Yangon_Media_Group