#LocalNews
Published-29 April 2022

 

လေယာဉ်စီးခရီးသည်တွေအနေနဲ့ စောင့်ဆိုင်းချိန်နည်းပါးခြင်း၊ ကုန်ကျစားရိတ်သက်သာခြင်း စတဲ့ အကျိုးကျေးဇူးများရရှိစေမယ့် COVID19 Antigen Rapid Diagnostic Test (RDT)နည်းနဲ့ပြောင်းလဲစစ်ဆေးဆောင်ရွက်မယ့်အကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှာ ဆွေးနွေးပွဲပြုလုပ်ပြီးဆွေးနွေးခဲ့ပါတယ်၊၊

၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၇) ရက်က ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးမှာ ကျင်းပပြုလုပ်တဲ့လုပ်ငန်းညှိနှိင်းဆွေးနွေးပွဲမှာ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်၊၊

"နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ Commercial flight များပြေးဆွဲခွင့်ပြုရာတွင် တွေ့ရှိခဲ့ရသော အတွေ့အကြုံများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် အခက်အခဲများပေါ်တွင်မူတည်၍လည်းကောင်း၊ လေယာဉ်စီးခရီးသည်များအနေဖြင့် စောင့်ဆိုင်းချိန်နည်းပါးခြင်း၊ ကုန်ကျစားရိတ် သက်သာခြင်း စသည့် အကျိုးကျေးဇူးများရရှိစေမည့် COVID19 Antigen Rapid Diagnostic Test (RDT)နည်းဖြင့်ပြောင်းလဲစစ်ဆေး၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊သက်ဆိုင်ရာနှီးနွယ်ဝန်ကြီးဌာနများမှ RDT ဖြင့် ပြောင်းလဲစစ်ဆေး ဆောင်ရွက်မည့် အစီအစဉ် (မူကြမ်း) နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်ဖြစ်ပါကြောင်း" ပြည်ထောင်စုဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်၊၊

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကူးစက်) က နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များပြေးဆွဲရာတွင် RDT ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်မည့် အစီအစဉ် (မူကြမ်း)နှင့် (၁၇-၄-၂၀၂၂) ရက်နေ့မှစတင်၍ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လက်ရှိကြုံတွေ့ရသောအတွေ့အကြုံများ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပါတယ်၊၊

 

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ပြည်ပနိုင်ငံများမှဝင်ရောက်လာမည့် နိုင်ငံခြားသားများအားခွင့်ပြုနိုင်သော ဗီဇာအမျိုးအစားများ၊ ခရီးသွားများအနေဖြင့် ကျန်းမာရေး အာမခံ (Health Insurance) လုပ်ငန်းများဆောင်ရွက်ရေးကိစ္စရပ်များ၊ RDT နည်းဖြင့်စစ်ဆေးရာတွင် လေဆိပ်တွင် မြန်မာကျပ်ငွေဖြင့်ငွေကြေးကောက်ခံမည့်လုပ်ငန်းစဉ်များ၊ လေယာဉ်ဆိုက်ရောက်ချိန်တွင် နိုင်ငံတကာငွေကြေးမှ မြန်မာကျပ်ငွေသို့ လဲလှယ်မှု လုပ်ငန်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေများ၊ လေဆိပ်တွင် RDT နည်းဖြင့်စစ်ဆေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန်နှင့် စောင့်ဆိုင်းချိန်အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရမည့်လုပ်ငန်းများ၊ ကျန်းမာရေးဝန်ထမ်းအင်အား ပိုမိုတိုးမြှင့်ကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးမည့်လုပ်ငန်းများ၊ အရည်အသွေး ပြည့်မှီသော RDT test kit များအသုံးပြု၍ စစ်ဆေးမည့် အစီအစဉ်များ၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများတွင် သတ်မှတ်ထား‌သောအထောက်အထား၊ စာရွက်စာတမ်းများ အပြည့်အဝပါရှိစေရေးနှင့် မှန်ကန်မှုရှိစေရေးအတွက် ကြိုတင်ညှိနှိင်းဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ် များ၊ ခရီးသည်များအနေဖြင့် လိုအပ်သော သတင်းအချက်အလက်များအား သက်ဆိုင်ရာဌာနများမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာရေးနှင့် အထွေထွေညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ စသည်တို့ကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group