#LocalNews
Published - 29 April 2022

 

အကောက်တောင်သို့ ဘုရားဖူးလာသည့် လိုက်ထရပ်ယာဥ်တစ်စီး တောင်တက်လမ်းတွင် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာမှ ယာဥ်ပေါ်ပါသူ လူ ၃ ဦး သေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦး အပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တစ်ခု ဒီကနေ့ ဧပြီ ၂၉ ရက်၊ နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ဘုရားဖူးယာဥ်ဟာ ကြံခင်းမြို့ ၊ ဘိလပ်မြေစက်ရုံမှ ဘုရားဖူးလာသော ကားဖြစ်ပြီး အကောက်တောင် တောင်တက်လမ်းတစ်ဝက်ခန့်တွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ပြုတ်ကျ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကားပေါ်တွင် ကလေး၊ လူကြီးပေါင်း အမျိုးသမီး ၆ ဦး အမျိုးသား ၅ ဦး လိုက်ပါလာခဲ့ပြီး အမျိုးသမီးနှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် ဆုံးပါးသွားခဲ့ပြီး အမျိုးသားတစ်ဦးမှာ ဆိပ်သာတိုက်နယ်ဆေးရုံအရောက်တွင် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသားလူနာ နှစ်ဦး၊ အမျိုးသမီးလူနာ နှစ်ဦးနှင့်(ကလေးလူနာ တစ်ဦး)တို့ကိုလည်း ဆိပ်သာတိုက်နယ်ဆေးရုံမှတစ်ဆင့် ဟင်္သတ ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရတယ်လို့လည်း ဒေသခံလူမှုကူညီရေးအသင်းက ဆိုပါတယ်။

 

ကျန်ဒဏ်ရာရရှိသူလေးဦးမှာတော့ ဆိပ်သာတိုက်နယ်ဆေးရုံတွင် ဆက်လက်ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်။

 

"ဝမ်းနည်းကြေကွဲစရာ အကောက်တောင် ကားအက်ဆီးဒင့်ဖြစ်စဥ်ပါ။ သူတို့က ကြံခင်းကလာတယ်လို့ သိရပါတယ်။ သေဆုံးသူရော ဒဏ်ရာရသူရောများခဲ့တဲ့ ဖြစ်စဥ်ပါ။ ဆေးရုံလွှဲပြောင်းပြီး ကုသမှုခံယူနေရတဲ့ လူနာတွေလည်း ဘေးမသီရန်မခပဲ ကျန်းမာစေဖို့ ဆုမွန်ကောင်းတောင်းပါတယ်။"လို့ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ဒေသခံလူမှုကူညီရေးအသင်းများက စုပေါင်း၍ ချောက်အတွင်းမှ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

 

Photo - CJ

 

ymg/kg
#Yangon_Media_Group