#Local_News
Published_ 29 April 2022

 

မန္တလေးနှင့် ပြင်ဦးလွင်မြို့နယ်ကြား ရဲရွာရေလှောင်တမံသွား ကားလမ်းဘေးတွင် ဖွင့်လှစ်ထားတဲ့ ဝါးနက်ဆင်စီးအပန်းဖြေစခန်းကို ဧပြီ ၂၇ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

 

အဆိုပါဆင်စခန်း၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်ပါက ဆင်စီးပြီး သဘာဝတောတောင် ရှုခင်းအလှများဖြင့် အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ ဆင်စီးစခန်းကို ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားခဲ့ရကြောင်း၊ ယခုအချိန်တွင် ရောဂါဖြစ်ပွားမှုအခြေနေများ လျော့နည်းလာတဲ့အတွက် ဆင်စခန်းကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

 

ဝန်ဆောင်မှုများအနေဖြင့် နံနက် ၇ နာရီမှ ၁၁ နာရီအထိ၊ ညနေပိုင်းတွင် ၄ နာရီမှ ၆ နာရီအထိ ဆင်များစီးပြီး အပန်းဖြေလာရောက်လေ့လာနိုင်ကြောင်း သိရပါတယ်။ ဆင်စခန်းမှာ ဆင် ၈ ကောင်ရှိပြီး၊ အထီး ၃ ကောင်နဲ့ အမ ၅ ကောင်ဖြစ်ကာ ဆင်အစာအတွက် တစ်ခါကျွေးမွေးလို့ပါက ငွေကျပ် ၅ သောင်း သတ်မှတ်ထားပါတယ်။

 

ထို့ပြင် ဆင်စာများဝယ်ယူ၍ လာရောက်ပေးကာ ကျွေးမွေးခိုင်းသူများလည်းရှိတယ်လို့ ဆိုပါတယ်။ ဆင်စီးပြီး သဘာဝရှုခင်းများကြည့်ရူလိုတဲ့ ပြည်တွင်းခရီးသွားများအနေဖြင့် တစ်ဦးလျှင် စခန်းဝင်ကြေး ၁၀၀၀ ကျပ်၊ ဆင်စီးခဈေးနှုန်းများအနေဖြင့် ခရီးတို ၃၀၀၀ ကျပ်နှင့် ခရီးရှည် ၅၀၀၀ ကျပ်နှုန်းဖြင့် ပို့ဆောင်ပေးနေကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group.