Published 28 April 2022

တာတာစတန်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံကို အဆင့်မြင့်နည်းပညာတွေနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထုတ်ကုန်တွေကို ပေးပို့ဖို့ အဆင်သင့်ရှိနေတယ်လို့ တာတာစတန်သမ္မတက ရပ်စတမ် မင်နစ်ခနော့Rustam Minnikhanov ကပြောပါတယ်။ သူဟာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆွေးနွေးစဉ် အဲသလိုပြောကြားခဲ့တာဖြစ်တယ်လို့ တာတာစတန် သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နှစ်နိုင်ငံအကြားကုန်သွယ်မှုတန်ဖိုးဟာ နည်းနေတုန်းဖြစ်ပေမယ့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်စေလွှတ်ပြီး အပြန်အလှန်ကုန်သွယ်မှုတွေတိုးမြှင့်ခြင်းဖြင့် ကုန်သွယ်မှုတန်ဖိုးတက်အောင်ပြုလုပ်နိုင်တ်ယ်လို့ မစ္စတာရမ်ပစမ်မင်နစ်ခနေ့ က ပြောပါတယ်။

မြန်မာဟာ အာရှ-ပစိဖိတ်ဒေသနှင့် နိုင်ငံတကာနယ်ပယ် မှာ ရုရှားဖက်ဒရေးရှင်းရဲ့ နီးကပ်ပြီးယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပြီး  ဆက်ဆံရေးဟာ ရှည်လျားတဲ့သမိုင်းကြောင်းရှိကြောင်းနှင့် ၂၀၂၃ ဇန်နဝါရီမှာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၅နှစ်ပြည့်အခမ်းအနားကို ကျင်းပသွားမယ်လို့လည်း သူကပြောပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ ၂၀၁၆ခုနှစ်ကတည်းက မြန်မာနိုင်ငံနှင့်ပူးပေါင်းလုပ်ကိုင်နေတဲ့ KAMAZ ကို ဆက်ဆံရေးတိုးချဲ့ဖို့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ KAMAZဟ ကာဇန်ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံဖြစ်ပြီး မြန်မာနှင့်ပူးပေါင်း‌ဆောင်ရွက်မှုမှာ အောင်မြင်တဲ့ သမိုင်းရှိခဲ့တယ်လို့ တာတာစတန်သမ္မတက ပြောပါတယ်။ KER-Holding ကလည်း မြန်မာနိုင်င့မှာ သတ္တုစက်ရုံတည်ဆောက်ရေး ညှိနှိုင်းနေတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီအပြင် Zelenodolsk သင်္ဘောကျင်းကလည်း မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ အထူးစိတ်ဝင်စားနေတယ်လို့ ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

တာတာဆန်ဟာ နှစ်စဉ် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ကမကထပြုလုပ်ကျင်းပပေးနေပြီး ယခုနှစ်မှာ ရုရှား-အစ္စလမ်မစ် ကမ္ဘာ- ကာဇန်းထိပ်သီးဆွေးနွေးပွဲ” အမည်နှင့်ကျင်းပမှာဖြစ်ကြောင်း၊  ဗိုဂါဘူဂေးရီးယားက အစ္စလမ်ကို လက်ခံခဲ့တာ နှစ်ပေါင်း ၁၁၀၀ ပြည့်နှစ်အထိမ်းအမှတ်နှင့်ကျင်းပတာဖြစ်ပြီး မေ၁၉ကနေ ၂၁ထိကျင်းပမှာမို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ကိုလည်း တာတာစတန်သမ္မတက ဖိတ်ကြားခဲ့တယ်လို့ ယင်းရဲ့သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

၂၀၂၁ခုနှစ်တုန်းက ကာဇန်ကိုသွားခဲ့တဲ့ခရီးဟာ အကျိုးရလာဒ်တွေထွက်ခဲ့တယ်လို့ နစကဥက္ကဋ္ဌက ပြန်လည်ပြောဆိုပါတယ်။ ကုန်သွယ်မှုတန်ဖိုးတွေတက်လာပြီး တာတာစတန်သမ္မတရဲ့အပြန်အလှန်လည်ပတ်မှုကို ကျေးဇူးတင်ကြောင်းနှင့် ပူးပေါင်း‌ ဆောင်ရွက်မှုတွေ တိုးချဲ့သွားမယ်လို့ ပြောကြားခဲ့ကြောင်း တာတာစတန်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

“ တာတာစတန်ကို ကျွန်တော်ရောက်ခဲ့တုန်းက အဆွေတော်တို့ဟာ ဓာတုစက်မှုလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတွေ အလွန် တိုးတက်တာ သတိထားမိပါတယ်။ ဆေးဝါးဆိုင်ရာ ကိရိယာတွေထုတ်လုပ်ဖို့ ဒီမှာ အလားအလာအလွန်ကောင်းပါတယ်” လို့ နစကဥက္ကဋ္ဌက ပြောခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ရေနံမြေတွေရှိပေမယ့် တူးဖော်ထုတ်လုပ်မှုတွေက သိပ်မတိုးတက်သေးကြောင်းနှင့် တာတာစတန်ရဲ့အတွေ့အကြုံတွေက အသုံးတည့်လိမ့်မယ်ဖြစ်တယ်လို့‌ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှုအတွက် နည်းလမ်းတွေရှာသွားမယ်လို့ တာတာစတန်သမ္မတက ပြန်ဆွေးနွေးခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသတစ်ခုလုံးအတွက် မြန်မာကိုအခြေပြုပြီး တာတာစတန်ရဲ့ထုတ်ကုန်တွေကို ရောင်းချနိုင်တဲ့ အခွင့်အလမ်းရှိတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဆွေးနွေးခဲ့တယ်လို့ တာတာစတန်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

တာတာစတန်က တက္ကသိုလ်တွေမှာ တက်ရောက်မယ့် မြန်မာတွေရဲ့ ခွဲတမ်းတိုးမြှင့်လက်ခံရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါတယ်

တာတာစတန်သမ္မတဟာ နစက ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်တဲ့ အဖွဲ့နှင့် နှစ်ဘက်ရင်းနှီးမြှပ်နှံမှုကိစ္စတွေ ယနေ့(ဧပြီ၂၈)ရက်မှာ ဆွေးနွေးခဲ့ကြကြောင်း လည်းသိရှိရပါတယ်။

Source: Tatarstan President Office’s Press Release