#LocalNews
Published_27 April 2022

 

တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးရန် နစက ဥက္ကဌ ဖိတ်ခေါ်မှုအပေါ် EAO အဖွဲ့ အများစုတက်ရောက်မည့်သတင်းရထားကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးလည်းဖြစ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ယနေ့ ဧပြီလ ၂၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ယင်းက အတက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

 

"NCA လက်မှတ်ရေးထိုးပြီး ၁၀ ဖွဲ့ထဲက ၉ ဖွဲ့နဲ့အဆက်အသွယ်ရပြီး ဖြစ်ပါတယ်။NCA မထိုးရသေးတဲ့ အဖွဲ့ ၁၁ ဖွဲ့ထဲက ၈ ဖွဲ့ နဲ့ အဆက်အသွယ်ရပြီး ဖြစ်ပါတယ်။တက်ရောက်ဖို့များတယ်လို့ သတင်းကောင်း မျှဝေလိုပါတယ်"ဟု ယင်းက ဆိုသည်။

 

NCA ရေးထိုးထားသော အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO) တို့ ဖြစ်ပြီး NCA မထိုးထားသော အဖွဲ့များမှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_group