#LocalNews
Published_27 April 2022

 

ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သော အဂတိအမှုအတွက် ယနေ့ ဧပြီလ ၂၇ ရက်တွင် နေပြည်တော်အထူးတရားရုံး၌ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်းသိရသည်။

 

" ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ အမိန့်ချတယ်။ ၅ နှစ်ပါ တဲ့"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့သည်ဟုဆိုသော အဂတိအမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၁၄ ရက်ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ရာစွပ်စွဲမှုများမမှန်ကန်ကြောင်း ထွက်ဆိုခဲ့ပြီးဖြစ်သည်။

 

ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ချက်များအပေါ် ထောက်ခံပေးရန်ဟုဆိုကာ ၂၀၁၇ ခုနှစ် ၊ ၂၀၁၈ ခုနှစ် ၊ ၂၀၁၉ ခုနှစ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းအား ၃ ကြိမ်းခွဲ၍ လက်ရောက်ပေးအပ်ခဲ့ကြောင်း နစက ထံ ထွက်ဆိုထားခြင်းဖြစ်သည်။

 

ယင်းထွက်ဆိုချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူတို တရားလိုပြသက်သေအနေဖြင့် တရားခွင်အတွင်း ထွက်ဆိုခဲ့ကြကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group