#LocalNews
Published_26 April 2022

 

ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ အဂတိအမှုကို ဧပြီလ ၁၈ ရက်က အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး မနက်ဖြန် ဧပြီလ ၂၇ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

 

"မူလက ဒီနေ့ ဧပြီလ ၂၆ ရက်နေ့ အမိန့်ချမယ်လို့ တရားသူကြီးက ပြောထားပြီးသား။ဘာ့ကြောင့် ရက်ကိုရွှေ့လိုက်သလဲ မသိရဘူး"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့သည်ဟုဆိုသော အဂတိအမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၁၄ ရက်ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ရာစွပ်စွဲမှုများမမှန်ကန်ကြောင်း ထွက်ဆိုခဲ့ပြီးဖြစ်သည်။

 

ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ချက်များအပေါ် ထောက်ခံပေးရန်ဟုဆိုကာ ၂၀၁၇ ခုနှစ် ၊ ၂၀၁၈ ခုနှစ် ၊ ၂၀၁၉ ခုနှစ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းအား ၃ ကြိမ်းခွဲ၍ လက်ရောက်ပေးအပ်ခဲ့ကြောင်း နစက ထံ ထွက်ဆိုထားခြင်းဖြစ်သည်။

 

ယင်းထွက်ဆိုချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူတို့ တရားလိုပြသက်သေအနေဖြင့် တရားခွင်အတွင်း ထွက်ဆိုခဲ့ကြကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group