#LocalNews
Published - 26 Apr 2022

 

ဧပြီလ ၂၅ ရက်နေ့တွင် တရားမဝင် သစ်မျိုးစုံ၊ တိရစ္ဆာန်များ ၊ စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၁၂,၃၄၃,၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ ထုတ်ပြန်ချက်အရသိရပါတယ်။

 

ဖမ်းဆီးရမိမှုဖြစ်စဥ်များမှာ ဧပြီ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကလေးမြို့နယ်အတွင်း တရားမဝင် တင်ဆောင်လာသော ခိုင်းနွားကိုးကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၀၀၀ ၀၀) ဖမ်းဆီးရမိခဲ့ပြီး တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေဖြင့် အရေးယူထားတယ်လို့ သိရပါတယ်။

 

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၄ ဒသမ ၆,၈၂၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၂,၁၂၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

ထို့အပြင် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ်နှစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၃၄၃,၀၀၀)ကို လည်းကောင်း၊ ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီးပေါ်၌ ဂျင်းဘောင်းဘီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၃၄၃,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

ဧပြီ ၂၅ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၇) မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂,၆၉၅,၁၂၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက သိရပါတယ်။

 

ymg/hm
#Yangon_Media_Group