#LocalNews
Published - 25 April 2022

 

ရန်ကုန်မြို့၏ လူစည်ကားရာနေရာများတွင် လောင်းကစားဝိုင်းဆန်ဆန်ပြုလုပ်၍ အုပ်စုဖွဲ့ပြီး
မသိနားမလည်သူများကို အကြောင်ရိုက်ကာ လိမ်လည်မှုကျုးလွန်လုယက်သူတွေ ရှိနေတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ တာမွေမြို့နယ် အတွင်းရှိ ယုဇနပလာဇာရှေ့တွင် လူ (၈)ယောက်ခန့်ပါ အဖွဲ့တစ်ဖွဲ့က လောင်းကစားဝိုင်းဆန်ဆန်ပြုလုပ်၍ ဘေးမှရပ်ကြည့်နေသည့် ကောင်လေးတစ်ဦးထံမှ ဖုန်းကိုလုယူ၍ အဆိုပါဖုန်းပိုင်ရှင်ကောင်လေးအား အုပ်စုဖြင့် ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်မှုတွေရှိခဲ့ကြောင်း ယင်း
ဖြစ်စဥ်ကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ယခုလို ပြောပြထားခဲ့တာပါ။

 

"နေ့လည် ၃ နာရီလောက်က ယုဇနပလာဇာရှေ့ ကားမှတ်တိုင်နားမှာ ဖြစ်သွားတာပါ။ ကားမှတ်တိုင်နားမှာ လောင်းကစားဝိုင်း တစ်ခုလုပ်ပြီး မှတ်တိုင်မှာရှိတဲ့သူတွေကို ပစ်မှတ်ထားတယ်။ သူတို့ လူချည်းပဲ(၈)ယောက်လောက်ရှိမယ်ထင်တယ်။ အဲ့ဒီမှတ်တိုင်မှာ သူတို့ကစားနေတဲ့ဝိုင်းကို ကြည့်တဲ့လူငယ်ကောင်လေးကို ပထမဦးဆုံး ပိုက်ဆံ ငါးသောင်းထိုးပေးပြီး လောင်းကစားဝိုင်းထဲမှာ သွားပေးခိုင်းတယ်။

 

အဲ့ဒီကောင်လေးက မယူဘူး အတင်းငြင်းတာကို အမျိုးမျိုးပြောပြီး သွားပေးခိုင်းတယ်။ အဲ့ဒီကောင်လေးသွားပေးတော့ အနီအစိမ်းအကွက်မှာ ချပေးလိုက်တာနဲ့ မင်းပေါက်ပြီဆိုပြီးနောက်ထပ် ၅ သောင်းထပ်ထုတ်ပေးတယ်။ ဘေးနားက သူ့လူတွေကလည်း လုံးဝရှုပ်ယှက်ခက်သွားအောင် ဗြာများပြီး အာရုံနောက်သွားအောင်ကိုလုပ်တာ ခဏချင်းဘဲ မင်းဖုန်းပေး ဘာညာဆိုပြီး အတင်းတောင်းယူ Lock တွေဘာတွေတောင် ဖွင့်ခိုင်းတာ အဲ့ဒီအခါမှ ကောင်လေးက ကျနော့် ဖုန်း ကျနော့်ဖုန်းပြန်ပေးဆိုပြီးတောင်းတာ ဖုန်းမပေးတဲ့အပြင် မျက်နှာကိုဖြတ်ရိုက်ပြီးကန်ကျောက်တာတွေတောင်လုပ်တာ။ လူမြင်ကွင်းကြီးမှာနော်။ ပြီးတော့ သူတို့အဖွဲ့က ဖုန်းကိုလုပြီး တက္ကစီနဲ့ပြေးဖို့လုပ်တယ်။" လို့ အဆိုပါ ဖြစ်စဥ်အား တွေ့မြင်ခဲ့သူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ လုယက်မှုဗီဒီယိုကိုလည်း ရန်ကုန်မြို့နေလူထု သတိထားဂရုပြုရန်အတွက် လူမှုကွန်ရက် ပေါ်တွင် ပြန်လည်မျှဝေပေးခဲ့ပြီး ကြည့်ရှုသူအများအပြားရှိခဲ့သလို မှတ်ချက်ပေးသူတွေလည်း အများအပြားရှိခဲ့ကြတာပါ။

 

"ဒီလောက်လူစည်ကားပြီး လူအများကြီးရှိတဲ့နေရာမှာဖြစ်တာတောင် အဲ့ဒီ အကိုက Video ရိုက်ပေးလို့ ဒီသတင်း ဒီအခြေအနေကို သိရတာ။ မဟုတ်ရင် ဒီအဖြစ်အပျက်ကို ဘယ်သူမှ သိမှာတောင်မဟုတ်ဘူး။

 

အဲဒီနားက ဝင်မပါကြတဲ့အပြင် ပုံတောင် ရိုက်ပေးမယ့်သူမရှိဘူးဗျာ့။ အလုခံရတဲ့ဖုန်းက iphone ထင်တယ်။ဖုန်းတင်မကဘူး၊ လွယ်ထားတဲ့ အိတ်လည်း ကြိုးပျက် ပိုက်ဆံတွေပါ လုသွားတာ။ အော်ပြီး အကူအညီတောင်းပေမယ့် ကူညီမယ့်သူ တစ်ယောက်မှ မရှိပါဘူး။

 

ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ ပုံစံကြီး အခြေအနေကြီးကို ရောက်နေပြီ။ လူအစည်အကားဆုံးအချိန် လူအစည်အကားဆုံး နေရာတစ်ခုမှာ အဲ့လိုလုပ်တာဆိုတော့ ဘယ်လောက်တောင်အခြေအနေဆိုးနေပြီလဲ မပြောတတ်တော့အောင်ပါပဲ။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်များတွင် လုယက်မှုဖြစ်စဥ် အချို့ရှိနေပြီး ရန်ကုန်မြို့တွင်း မြို့နယ်များမှာလည်း ကားဘက်မှန် ဖြုတ်ယူခိုးယူသည့်ဖြစ်စဥ်များ ရှိနေတာဖြစ်ပါတယ်။

 

ဒါကြောင့် ပြည်သူများအနေနဲ့ ဂရုတစိုက် သွားလာနေထိုင်ကြဖို့ကိုလည်း ပြည်သူအချင်းချင်း အသိပေးနှိုးဆော်မှုတွေကို ပြုလုပ်ထားတာဖြစ်ပါတယ်။

 

ymg/kg
#Yangon_Media_Group