#LocalNews
Published_24 April 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာ-ရေဦးကားလမ်း ဖန်းခါးကျင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားသော BOC စက်သုံးဆီအရောင်းဆိုင်မှ ငွေကြေးများကို လုယက်ယူဆောင်၍ ဆိုင်ရှိပစ္စည်းများကို ဖျက်ဆီးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၃ ရက် ညနေ ၆ နာရီခန့်အချိန်က လူအင်အား ၁၅ ဦးခန့်ပါ ဆိုင်ကယ် ၇ စီးဖြင့် လက်လုပ်သေနတ်များကိုင်ဆောင်ရောက်ရှိလာသူများက အရောင်းဝန်ထမ်းများအား ဖမ်းဆီး၍ စက်သုံးဆီရောင်းရငွေ ငွေကျပ် ၁၀ သိန်းကို လုယက်ယူဆောင်ကာ Cannon အမျိုးအစား Printer ၁ လုံး ၊ 5 kg မီးသတ် ဆေးဘူး ၂ ဘူး ၊ ဝန်ထမ်းများပိုင် ဖုန်း ၃ လုံးတို့ကို ယူဆောင်သည့်အပြင် ဆီပန့် ၄ လုံး ဒီဂျစ်တယ်ဒိုင်ခွက် ၄ ခု ၊ ပြတင်းပေါက်မှန် ၁၀ ချပ် ၊ ကောင်တာစားပွဲ ၁ လုံး၊ Acer အမျိုးအစားကွန်ပျူတာ ၂ လုံး ၊ ရေခဲသေတ္တာ ၁ လုံး ၊ ရေအေးစက် ၂ လုံးတို့ကို ရိုက်ချိုးဖျက်ဆီးသွားကြောင်းလည်း သိရသည်။

ယခုအခါ အဆိုပါ လုပ်ရပ်ကျူးလွန်သူများအား သက်ဆိုင်ရာက အမြန်ဖမ်းဆီးနိုင်ရေး လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_group