#LocalNews
Published - 24 April 2022

 

မြန်မာ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးက ပမာဏအများဆုံးအနေနဲ့ ရပ်တည်ခဲ့ရာကနေ ၂၀၂၁ - ၂၀၂၂ မီနီဘတ်ဂျက်ကာလမှာတော့ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးက တဟုန်ထိုးမြင့်တက်ခဲ့တယ်လို့ ISP Myanmar ၏ သုတေသန စစ်တမ်းတွင် ဖော်ပြခဲ့ပါတယ်။

 

မီနီဘတ်ဂျက်ကာလအကုန်မှာ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးကို ကာလတူနှိုင်းယှဉ်ရင် ယခင်ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာသန်း ၆၄၀ ကျော်တက်လာခဲ့တာဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုဟာ ယခင်ဘဏ္ဍာနှစ်မှာ စုစုပေါင်း နယ်စပ်ကုန်သွယ်မှုရဲ့ ၃၄ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းကျော် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

 

မြန်မာ-ထိုင်းကုန်သွယ်မှုမှာ အဓိက ကုန်သွယ်ဂိတ်ဖြစ်တဲ့ မြဝတီမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ နီးပါး၊ နဘုလယ်/ ထီးခီးမှာ အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်၊ မောတောင်မှာ အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ISP Myanmar က
ဖော်ပြပါတယ်။

 

သို့သော်လည်း မီနီဘတ်ဂျက်ကာလအတွင်း မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရော သွင်းကုန်ပါ ကျဆင်းခဲ့သလို မြန်မာ့နယ်စပ်ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးကို အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဥ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံ လျော့ကျခဲ့ကာ တရုတ်နယ်စပ်ကုန်သွယ်မှုမှာတော့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျဆင်းခဲ့တယ်လို့လည်း ISP Myanmar က ဆိုပါတယ်။

 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာဆိုရင် ဗဟိုဘဏ်က ပို့ကုန်တင်သွင်းသူတွေအနေနဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ ဝင်ငွေတွေကို ရက် ၃၀ အတွင်း နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်ရဘဏ်တွေကိုသာ ဈေးကွက်ပေါက်ဈေးနဲ့ မပျက်မကွက် ရောင်းချရမယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

ymg/kg
#Yangon_Media_Group