#Local_News

Published_ 23 April 2022

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၄၁/၂၀၂၁၊ ၄၂/၂၀၂၁ နှင့် ၄၃/၂၀၂၁ အထိ အမှုသုံးမှုဖြင့် လက်ခံစစ်ဆေးခဲ့ပြီး အဆိုပါအမှုများမှာ ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ယနေ့ရက်စွဲဖြင့် ဦးသောင်းထွန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ အမှုသုံးမှုအတွက် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၉ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ်။

 

စစ်ဆေးတွေ့ရှိချက်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးသောင်းထွန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၂၀ အား ၎င်းနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသော ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ တင်ဒါခေါ်ယူမှုမရှိဘဲ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၁၁ နှင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၃/၂၀၁၈ ၌ ငှားရမ်းခအား နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ တည်ရှိရာဒေသ၏ ကာလပေါက်ဈေးအတိုင်း သတ်မှတ်ရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာမှု မရှိခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် တစ်နှစ်အတွက် မြေငှားရမ်းခ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော်နှင့် မြေအသုံးချမှု ပရီမီယံကြေးအမေရိကန် ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

 

ymg-mnn

#Yangon_Media_Group