Published 22 April 2022

မြန်မာ့ကျောက်မျက်ရတနာတွေကို ပြပွဲဖြင့်ခင်းကျင်းရောင်းချကြရာမှာ နောင်မှာ ဟောင်ကောင်ဒေါ်လာနှင့် ထိုင်းဘတ်ငွေ တို့ဖြင့်ပါ ရောင်းချနိုင်ရေးစီစဉ်ကြဖို့ နစက ဥက္ကဋ္ဌက ပြပွဲတာဝန်ရှိသူတွေကို မှာကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲကို ဧပြီ ၂၂ရက် သောကြနေ့က နေပြည်တော်မှာရှိတဲ့ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့ရာ မှာ နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ပြီး မှာကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာ့ကျောက်မျက်ရတနာတွေကို ပြည်တွင်းပြည်ပကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယူရို၊ယွမ်နှင့်ကျပ်ငွေတို့ဖြင့် ပေးချေနိုင်ကြပါတယ်။ အဲသလိုရောင်းချကြရမှာ ပုလဲအတွဲတွေကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ပေးပြီး ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲတွေကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ပေးထားတယ်လို့သိရပါတယ်။ပေးချေကြရမှာတော့ ပုလဲအတွဲတွေကို ပြည်ပကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယွမ်တို့ဖြင့်၊ ပြည်တွင်းကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယွမ်နှင့်ကျပ်ငွေတို့ဖြင့် ပေးချေဝယ်ယူနိုင်ကြပါတယ်။ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲတွေကိုတော့ အမေရိကန်ဒေါ်လာ၊ယူရိုနှင့်ယွမ်ငွေတို့ဖြင့်ပေးချေဝယ်နိုင်ကြပါတယ်လို့သိရပါတယ်။

ယခုပြပွဲတွင် အလေးချိန်  ၇၇၅၃၈ ဒသမ ၁၅ မိုမီရှိ နိုင်ငံပိုင်ပုလဲအတွဲပေါင်း (၃၃၀)၊ အလေးချိန် ၁၂၆၀၂ ဒသမ ၇၃၈၉ ကရက်၊ ၃၃၅ ဒသမ ၄၆ ဂရမ်ရှိ နိုင်ငံပိုင်ကျောက်မျက်အတွဲ ၆၂ တွဲ၊ အလေးချိန် ၉၉၁၀၅ ဒသမ ၀၀ ကရက်၊ ၆၁ ဒသမ ၂၆ ကီလိုရှိ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်သော ကုမ္ပဏီများမှ ကျောက်မျက်အတွဲ ၂၀ နှင့် အလေးချိန် ၂၉၇၈ ဒသမ ၅၁ ကရက်၊ ၄၇ ဒသမ ၈၃ ကီလို၊ ၄၃၉ ဒသမ ၆၃ ဂရမ်ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ ကျောက်မျက်အတွဲ ၃၈ တွဲ စုစုပေါင်းအလေးချိန် ၁၁၄၆၈၆ ဒသမ ၂၄၈၉ ကရက်ရှိ ကျောက်မျက်အတွဲပေါင်း (၁၂၀)၊ အလေးချိန် ၅၈ ဒသမ ၅၉၇ တန်ရှိ နိုင်ငံပိုင် ကျောက်စိမ်းအတွဲ ၁၅၀၊ အလေးချိန် ၅၂၉ ဒသမ ၀၁၃ တန်ရှိ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်သော ကုမ္ပဏီများမှ ကျောက်စိမ်းအတွဲ ၈၀၀၊ အလေးချိန် ၁၁၉၀ ဒသမ ၉၃၅ တန်ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ ကျောက်စိမ်းအတွဲ ၁၀၅၀ စုစုပေါင်း အလေးချိန် ၁၇၇၈ ဒသမ ၅၄၅ တန်ရှိ ကျောက်စိမ်းအတွဲပေါင်း (၂၀၀၀) တို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုလဲအတွဲများကို ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ် ဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲများကို ဧပြီ ၂၂ ရက် မှ ၂၄ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်  လည်းကောင်း၊  ကျောက်စိမ်းအတွဲများကို ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမယ်လို့ လည်းသတင်းကဆိုပါတယ်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွေကို  ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ယခု ၅၇ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။