#LocalNews
Published - 22 April 2022

 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အရည်သွေးမြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးအတွက် တရုတ်က မြန်မာကို အမေရိကန်ဒေါ်လာ လေးသိန်းလေးသောင်းကျော်အား ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါ စီမံကိန်းကို ၂၀၁၈ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် “လန်ချန်း-မဲခေါင်ဒေသ ကော်ဖီအထွက်နှုန်းနှင့် အရည်အသွေးမြင့်စီမံကိန်း” ဖော်ဆောင်ခဲ့ကာ မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ဒေသ၏ ဒေသလက္ခဏာနှင့် ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်အရ ကော်ဖီဆွတ်ခူးမှု၊ အကိုင်းအခတ်များဖြတ်ညှပ်ခြင်းနှင့် ထုတ်လုပ်မှုလေ့ကျင့်ရေးများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် တောင်သူများအား ပျော့ဖတ်ပြုလုပ်သည့်စက် (Pulping machine)နှင့် ကော်ဖီပျိုးပင်များလက်ဆောင်ပေးအပ်ကာ မြန်မာ့ကော်ဖီလုပ်ငန်းတိုးတက်စေရန် ကူညီပေး၍ ဒေသန္တရစီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှင့် တောင်သူများအထွက်နှုန်းတိုးမြှင့်ရေးကို အထောက်အကူပြုခဲ့ကြောင်း တရုတ်သံရုံးက ဆိုပါတယ်။

 

၂၀၂၁ ခုနှစ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေက “အသေးစားတောင်သူများ ကော်ဖီထုတ်လုပ်မှုအရည်အသွေးအား ပြုပြင်ထုတ်လုပ်မှုနည်းပညာဖြင့် မြှင့်တင်ခြင်း” စီမံကိန်းကို ထပ်မံထားရှိပြီး မြန်မာဘက်သို့ ရင်းနှီးငွေ အမေရိကန်ဒေါ်လာ လေးသိန်းလေးသောင်းကျော် ထောက်ပံ့ပေးခဲ့ကာ မြန်မာနိုင်ငံက ကော်ဖီလုပ်ငန်းဖော်ဆောင်၍ ပြုပြင်ထုတ်လုပ်သည့်နည်းပညာ အဆင့်အတန်းမြှင့်တင်ရန် ထောက်ပံ့ကူညီ ပေးခဲ့ကြောင်း တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

 

ymg/kg
#Yangon_Media_Group