Published -11 August 2021
ရန်ကုန်မြို့၄၄လမ်း ဖြစ်စဉ်မှာအမျိုးသား၂ဦးနှင့်အမျိုးသမီး၁ဦးတို့ကို ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနဲ့အတူဖမ်းဆီးမိခဲ့ပြီး ထွက်ပြေးခုန်ချသူ (၅)ဦးထဲမှာ အမျိုးသား၁ဦးနဲ့ အမျိုးသမီး၁ဦးသေဆုံးပြီး ကျန်အမျိုးသား ၃ဦး ဒဏ်ရာများရခဲ့တယ်လို့ နစက ကသတင်းထုတ်ပြန်လိုက်ပါတယ်။
 
ဩဂုတ်လ၁၀ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် အမှတ်၆ရပ်ကွက်၊ ၄၄လမ်းမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အပေါ် သတင်းထုတ်ပြန်ချက်အရ ယင်းအခင်းဖြစ်ရာ ၄၄လမ်း တိုက်အမှတ်၁၆၊အထပ်၄လွှာမှာ ဖောက်ခွဲရေးအသုံးပြုရန်ပစ္စည်းတွေ သိုဝှက်သိမ်းဆည်းထားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာတိုက်ခန်းအတွင်းက သီဟကောင်းဆက် အပါအဝင်အမျိုးသား ၂ ဦး အမျိုးသမီး တစ်ဦးကို လက်လုပ်ဗုံး၁၆လုံး၊ယမ်းပျော့၂ချောင်း၊တစ်ထုပ်လျှင် ဗျောက်အိုး၅၀ပါ အထုပ်နှစ်ထုပ်နဲ့ အခြားဆက်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
 
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့တွေဝင်ရောက်ရှာဖွေစဉ်ရာမှာ အခန်းတွင်းရှိအခြားအမျိုးသား၄ဦးနဲ့အမျိုးသမီး၁ဦးတို့က ဖမ်းဆီးစစ်ဆေးခြင်းမခံပဲ တိုက်ခန်း၃လွှာ အနောက်ဘက်ရှိပြတင်းပေါက်မှ ခုန်ချခဲ့တာကြောင့် တိုက်အောက်ခြေကွန်ကရိကြမ်းပြင်ကို ပြုတ်ကြခဲ့ပြီးအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးသေဆုံးကာ ကျန်အမျိုးသားသုံးဦးကို တပ်မတော်ဆေးရုံ (ကုတင် ၁၀၀၀)တွင် ဆေးကုသမှုခံယူစေနေတယ်လို့သိရပါတယ်။
 
အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပြီး သေဆုံးမှုများအတွက် သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်နေပြီး ဖမ်းဆီးခံထားရသူတွေနဲ့ ဆက်စပ်သူတွေကို ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ နစကက သတင်းထုတ်ပြန်ထားပါတယ်။