#Local_News
Published_ 20 April 2022

 

မြန်မာနိုင်ငံရှိ ကလေးငယ် ၅ သန်းနီးပါးအတွက် အကူအညီများ လိုအပ်နေတယ်လို့ ယူနီဆက်က ထုတ်ပြန်ထားပါတယ်။

 

ယူနီဆက်အနေနဲ့ ကလေးများကို မရှိမဖြစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ဖို့အတွက် အရေးပေါ်ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်အောင် ရန်ပုံငွေပံ့ပိုးပေးခဲ့ကြတဲ့ ဂျပန်နိုင်ငံ နဲ့ UNOCHA ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ပေါင်းစပ်အာဟာရစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပြီး ကလေးငယ်နဲ့ အမျိုးသမီးဦးရေစုစုပေါင်း ၄၅,၀၀၀ နီးပါးကို ပြင်းထန်အာဟာရချို့တဲ့ဝေဒနာ စောင့်ကြည့်စစ်ဆေးခြင်းနဲ့ ကုသခြင်းများပြုလုပ်ပေးခဲ့ကာ အနုအာဟာရဖြည့်စွက်စာများလည်း ပံ့ပိုးပေးခဲ့ပါတယ်။

 

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးရှိ အားနည်းထိခိုက်လွယ်တဲ့ ပြည်သူများကို မရှိမဖြစ်လိုအပ်တဲ့ အာဟာရဝန်ဆောင်မှုများ တိုးချဲ့ပံ့ပိုးပေးလျှက်ရှိပြီး အသက် ငါးနှစ်အောက်ကလေးငယ်ဦးရေ ၄,၀၀၀ နီးပါးကို စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါတယ်။

 

မြန်မာနိုင်ငံရှိ အားနည်းထိခိုက်လွယ်တဲ့ ကလေးငယ်များနဲ့ မိသားစုများကို ရေနဲ့သန့်ရှင်းရေး ဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးပေးလျှက်ရှိပြီး မတ်လတစ်လတည်းမှာပင် ပဋိပက္ခကြောင့် ထိခိုက်ခံစားကြရသူဦးရေ ၁၀၈,၀၀၀ ကို သန့်ရှင်းသော သောက်ရေများ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ymg-mnn
#Yangon_Media_Group.