#LocalNews
Published_14 April 2022

 

မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည့် ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော အကောက်ခွန်မဲ့ ကားတာယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၀၀,၀၀၀)ကို မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့ကသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်နေစဉ် ဧပြီလ ၁၂ ရက်က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်၍ ယခုအခါ အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။

 

ယင်းအပြင် ဧပြီလ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် သထုံမြို့နယ် ဒူးရင်းဆိပ်ဘိနယ် ထောင်မှူးကျေးရွာ (တောင်ဘက်) တောစပ်အနီး၌ တရားမဝင် တောင်သရက်ခွဲသားနှင့်ကောင်းမှုခွဲသား ၁ ဒသမ ၀၉၆၆ တန် (ခန့်မှန်းတန်ဖိုးငွေ ၇၆၇၆၂ ကျပ်) ကို လည်းကောင်း၊ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၁ ဒသမ ၁,၂၃၄ တန် (ခန့်မှန်းတန်ဖိုးငွေ ၇၈,၆၃၈ ကျပ်) ကိုလည်းကောင်း၊စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ ၁ ဒသမ ၂၀၆ တန်(ခန့်မှန်းတန်ဖိုးငွေ ၃၆၁,၈၀၀ ကျပ်) ကို လည်းကောင်း၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၃၆ ဒသမ ၁,၁၅၁ တန်(ခန့်မှန်းတန်ဖိုးငွေ ၅၉၂၅၈၁၄ ကျပ်) ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သောကြောင့် သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဧပြီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၂,၄၄၃,၀၁၄ ကျပ်)ကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

ymg/mt
#Yanagon_Media_Group