#LocalNews
Published 14 Apr 2022

 

အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းတဲ့ ဆန်နှင့်ဂျုံများကိုဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာ အခက်အခဲရှိသောပြည်သူများကို ထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။

 

အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ဆန်နှင့် ဂျုံများ ထောက်ပံ့လှူဒါန်းလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်သွယ်လာမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ စုစုပေါင်း ဆန်တန်ချိန် ၁၀,၀၀၀ နှင့် ဂျုံတန်ချိန် ၂၀၀ တို့ကို လက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများအနက် ဆန်တန်ချိန် ၇,၅၆၀ ပါရှိသည့် ကုန်သေတ္တာ ၂၈၀ သည် Asia World ဆိပ်ကမ်းနှင့် ဆန်တန် ၂,၄၄၀ ပါရှိသည့် ကုန်သေတ္တာ ၉၀ သည် Myanmar Industry Port(MIP) ဆိပ်ကမ်းသို့ မတ် ၁၇ ရက်တွင် လည်းကောင်း၊ ဂျုံတန်ချိန် ၂၀၀ ပါရှိ သည့် ကုန်သေတ္တာ ၉ လုံးမှာ မတ် ၃၀ ရက်တွင် MIP ဆိပ်ကမ်းသို့ လည်းကောင်း အသီးသီးဆိုက်ကပ် ရောက်ရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါဆန်နှင့် ဂျုံများ ထုတ်ယူနိုင်ရေး အတွက် သွင်းကုန်ပါမစ်၊ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရရှိရေး၊ အထူးအမိန့် (Special Order) ဖြင့် ထုတ်ယူခွင့်နှင့် Dilivery Order ရရှိရေးကိစ္စများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများက ဆောင်ရွက်ခဲ့ပြီး ဧပြီ ၅ ရက်မှ ၁၁ ရက်အထိ ဆန်ကုန်သေတ္တာ ၄၇ လုံး (ဆန်အိတ်ပေါင်း ၂၅,၃၅၄ အိတ်)၊ ဂျုံကုန်သေတ္တာကိုးလုံး (ဂျုံအိတ်ပေါင်း ၄,၀၀၀) တို့ကို ထုတ်ယူခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများကို ရန်ကုန်တိုင်းဒေသကြီး ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာ အခက်အခဲရှိသော ပြည်သူများကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ထုတ်ယူရန်ကျန်ရှိသည့် ဆန်နှင့် ဂျုံများ ကို အမြန်ဆုံး ဆက်လက်ထုတ်ယူ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ထုတ်ယူဖြန့်ခွဲမှု သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ရန်ပုံငွေ(GRF)မှ ခွင့်ပြုချက်ဖြင့် ကျခံသုံးစွဲထောက်ပံ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group