#Local_News
Published_ 10 April 2022

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ဟော်နန်းတော် (ဟော်ခမ်းသျှမ်းဝီ) ပြန်လည်တည်ဆောက်လျက်ရှိပြီး (၇၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။

 

သိန်းနီဟော်နန်းကို အေဒီ ၁၉၁၀ ပြည့်နှစ်၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဒသဓမ္မရာဇာ နိဂြောဓာ မဟာမင်းခေါင်ဘွဲ့တော်ရ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ဟော်နန်း အသစ်ကြီးအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျွန်းသားအစစ်များဖြင့် မန္တလေးနန်းတော်ပုံစံအတိုင်းဆောက်လုပ်ထားပြီး အဆောက်အဦကြီးတစ်ခုထဲတွင် တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသော အဆောက်အဦများစွာ ပါဝင်သည့်ပုံစံဖြစ်ကြောင်း၊ အလယ်တည့်တည့်တွင် ညီလာခံခန်းမကြီးတစ်ခုနှင့် မြေပေါက်ပလ္လင်တော်တစ်ခုလည်း ပါရှိပါတယ်။

 

စော်ဘွား ကြီးသည် နှလုံးလေဟပ်သည့် ရောဂါဖြင့် နန်းတက်ကာလ ၃၃ နှစ်၊ အေဒီ ၁၉၁၆ ခုနှစ်၊ သက္ကရာဇ် ၁၂၇၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ အင်္ဂါနေ့ ညသန်းခေါင်ကျော် နံနက် ၁ နာရီတွင် နတ်ရွာစံကံတော်ကုန်ခဲ့ပါတယ်။
အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန် စစ်လေယာဉ်များသည် သိန်းနီမြိုကို ဗုံးများကြဲချတိုက်ခိုက်ခဲ့ရာ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းကြီးသည်လည်း မြေခပျက်စီးခဲ့ပါတယ်။

 

ဟော်နန်းအဆောက်အဦသစ်ကို မူလအဆောက်အဦဟောင်းမြေနေရာ၏ လက်ဝဲဘက် ၆၃ ပေအကွာ၌ ဆောက်လုပ်လျက်ရှိပြီး လက်ရှိအချိန်တွင် ပြီးစီးမှုရာခိုင်နှုန်း (၇၀) ခန့်ပြီးစီးပြီဖြစ်ကြောင်းနှင့် ပြီးစီးပါက ဟော်နန်းပြတိုက်အဖြစ်ထားရှိ၍ ဒေသအတွင်း သမိုင်းဝင်လေ့လာစရာနေရာနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

နစက ဉက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဟော်နန်းပြန်လည် တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

 

သမိုင်းဝင် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများကို မူလပုံစံမပျက် ပြန်လည် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ သမိုင်းအစဉ်အလာ ကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group