#LocalNews
Published_ April 7 2022

 

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်းရှိ ချဉ်းကပ်တံတားယက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းများကို မကြာမီရက်ပိုင်းအတွင်း ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ချဉ်းကပ်တံတားယက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းကို ဧပြီလ ၉ ရက် နံနက် ၄ နာရီမှ ဧပြီ ၁၈ ရက် နံနက် ၄ နာရီထိ ဆောင်ရွက်မည်ဖြစ်သောကြောင့် လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်း (ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား) အပိုင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းကာလအတွင်း ပြည်လမ်းနှင့် ဘုန်းကြီးလမ်း (အောက်ဘလောက်)မှ လာသည့် မော်တော်ယာဉ်များအနေဖြင့် ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းတို့မှ လမ်းလွှဲမောင်းနှင်ပေးကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာနစီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

 

ကိုရီးယားမြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလ သံမဏိကြိုးဆိုင်းတံတားကြီးမှာ တံတားအရှည် ၁,၈၇၂ ဒသမ ၅ မီတာ (၆,၁၄၄ ပေ)၊ ပင်မတံတားအရှည် မီတာ ၅၉၀ (၁,၉၃၆ ပေ) ရှိပြီး အကျယ် ၂၆ ဒသမ ၅ မီတာ (၈၇ ပေ) ရှိ ယာဉ်သွားလမ်း လေးလမ်းပါ တံတားဖြစ်ကြောင်း ၊ တံတား ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို ကိုဗစ်ကာလအတွင်း ရပ်နားထားခဲ့ရာမှ၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားကို တောင်ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ချေးငွေ၊ မြန်မာအစိုးရထည့်ဝင်ငွေတို့ဖြင့် တည်ဆောက်ရန် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလကတည်းက သဘောတူခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း ချေးပေးကာ မြန်မာအစိုးရဘက်က အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း စိုက်ထုတ်တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ထားပြီး၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပန္နက်ရိုက်အခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group