#LocalNews
Published - 6 April 2022

 

ပုဂံဒေသအပါအဝင် ကမ်းခြေဒေသရှိ ဟိုတယ်အခန်းများ သင်္ကြန်ကာလအတွက် ကြိုတင်ဘိုကင်ပြည့်နေတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

 

ဒါ့အပြင် ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာ သင်္ကြန်ကာလအတွက် အခန်းခ ၂ ဆပေး လာရောက်လည်ပတ်ဖို့ရှိနေတဲ့ ဧည့်သည်တွေကြောင့် အခန်းတွေအားလုံး ပြည့်နှက်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

 

ထို့အတူ ပုဂံဒေသမှာလည်း ခရီးသွားဝင်ရောက်မှုတွေများပြားနေပြီး ဟိုတယ်အချို့ ဘိုကင်ပြည့် နေတယ်လို့ သိရပါတယ်။

 

"ကျွန်မတို့ငပလီမှာဆို သင်္ကြန်ကာလအတွက် ဟိုတယ်အခန်းတွေအကုန်ပြည့်နေပါပြီ။ တချို့ ဧည့်သည်တွေဆို ရွာတွေထဲမှာတောင် တည်းခိုဖို့ စီစဥ်နေကြပါတယ်။ ဟိုတယ်အခန်းတွေက ပြည့် နေလို့ ရွာတွေထဲ ရပ်ကွက်တွေထဲအထိ ဧည့်သည်တွေက လိုက်တည်းရတဲ့အနေအထားလေး ဖြစ်သွားတာပေါ့။" လို့ ငပလီကမ်းခြေဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

ယခုလက်ရှိ သင်္ကြန်ရုံးပိတ်ရက်ကာလအတွက် ဟိုတယ်ဘိုကင်တွေကို ရှေ့လထဲက ကြိုတင်စာရင်းပေးမှုတွေ ရှိနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

"ရုံးပိတ်ရက်ဆိုရင်တော့ ဧည့်သည်ပိုဝင်တာပေါ့။ အခု ပုဂံမှာဆိုလည်း ဟိုတယ်တော်တော်များများက ဘိုကင်တွေပြည့်နေကြပြီ။ နာမည်ကြီးဟိုတယ်တွေပေ့ါနော်။ကျန်တဲ့ မိုတယ်လေးတွေ Guest House လေးတွေ တည်းလို့ခိုလို့ကောင်းတဲ့နေရာလေးတွေကအစပေါ့။ သင်္ကြန်ကာလမှာ ဧည့်သည်တွေကတော့ အဝင်များမှာပါ။ ပုံမှန်နှစ်တွေလိုပါပဲ။"လို့ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

လက်ရှိကာလမှာ ပြည်တွင်းခရီးသွားလာမှုက (၉၀) ရာခိုင်နှုန်းအထက်မှာ ရှိနေတာဖြစ်တယ်လို့လည်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

 

ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုတွေ လျော့ကျလာခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နှစ်လည်ပိုင်းမှစလို့ ကမ်း ခြေဒေသနှင့် ပုဂံဒေသသို့ ပြည်တွင်းခရီးသွားတွေကို ပြန်လည်ဝင်ရောက်ခွင့် ပြုခဲ့တာလည်းဖြစ်ပါတယ်။

 

ymg/kg
#Yangon_Media_Group