#LocalNews
Published_6 April 2022

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)တွင် လာမည့် ဧပြီလ ၈ ရက်ထိ ပုဂ္ဂလိက မဏ္ဍပ်ဆောက်လုပ်လိုသူများ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

 

"ကျွန်တော်တို့အနေနဲ့ ဧပြီလ ၄ ရက်ကနေ ၈ ရက်နေ့ထိကို မဏ္ဍပ်တွေလာရောက်လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ပြီးပါပြီ။ခုထိတော့ လာလျှောက်တာ မရှိသေးဘူး"ဟု YCDC ၏ အရာထမ်းတစ်ဦးကပြောသည်။

 

မြို့တော်ခန်းမရှေ့က မဟာသင်္ကြန်မဏ္ဍပ်တွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်ထိ သင်္ကြန်ယိမ်းအကအလှဖျော်ဖြေမှုများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်များနှင့် ချိတ်ဆက်လုပ်ဆောင်နေပြီး ပြိုင်ပွဲဝင်မည့်အဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

 

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ်အနီးရှိ မဟာဗန္ဓုလလမ်းကို ဆူးလေးဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ၊ဆူးလေးဘုရားလမ်းကို အနော်ရထာလမ်းမှ ကုန်သည်လမ်းထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီထိ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

 

ယခုအခါ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လျှပ်စစ်မီးပေးချိန်ကို ထပ်တိုးပေးနိုင်ရန်လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း-YESC က စီစဉ်လျက် ရှိသည်။

 

ymg/mt
#Yangon_Media_Group