#Local_News
Published_ 6 April 2022

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များသို့ တက်ခွင့်ရစာရင်း မကြာမီထုတ်ပြန်သွားမှာ ဖြစ်ကြောင်း နေပြည်တော်မှာ ဧပြီ ၅ရက်က ပြုလုပ်တဲ့ ဘွဲ့လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ အစည်းအဝေးမှ သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ၂၀၂၂ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာ သင်တန်းများဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့တာဖြစ်ပါတယ်။

 

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွယ် တက္ကသိုလ်များတွင် ဖွင့်လှစ်ရန် ကျန်ရှိနေသော ဘွဲ့ကြိုသင်တန်းများ အားလုံးကို ၂၀၂၂ ခုနှစ် ဧပြီနှင့် မေလတို့တွင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

 

ယခုနှစ် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များသို့ ဝင်ခွင့်ရွေးချယ်ရာတွင် ဆရာဝန်စိတ်ဓာတ်အပြည့်အဝရှိပြီး စေတနာ၊ ဝါသနာနှင့် ပြည့်စုံသည့် ဆေးပညာရှင်နှင့် သွားဘက်ဆိုင်ရာ ဆေးပညာရှင်များကို မွေးထုတ်နိုင်ရန်ရည်ရွယ်၍ (၆) ဘာသာပေါင်း ရမှတ်အပေါ် အခြေခံပြီး (၃) ဘာသာရမှတ်ပေါင်းဖြင့် စိစစ်ရွေးချယ်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုရွေးချယ်သောစနစ်ဖြင့် ဆောင်ရွက်သွားမှာပါ။

 

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သော ဘွဲ့လွန်သင်တန်းများမှ ဒီပလိုမာဘွဲ့ရရှိသူပေါင်း (၃၇၂၇) ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ရရှိသူပေါင်း (၁၀၉၃၆) ဦး၊ ပါရဂူဘွဲ့ရရှိသူပေါင်း (၁၅၀၆) ဦး မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

 

ymg-mnn
#Yangon_Media_Group