#LocalNews 
Published_ 3 April 2022


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်မှ ၈၄၉၂ ဧကရှိတဲ့ နယ်မြေအကျယ် အဝန်းကို ဘိတ်သိတ်-မဟာ-သာသာ ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန် ကြေညာလိုက်ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့တဲ့ သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်း ကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၈၄၉၂ ဧကရှိသော နယ်မြေကို ဘိတ်သိတ်-မဟာ-သာသာ ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

အဆိုပါကာကွယ်တောကို ဒေသတွင်းမှာရှိတဲ့ ရေမြေသဘာဝနဲ့ ရာသီဥတုကို မျှတစေဖို့ ၊ ဇီဝမျိုးစုံနဲ့ ဂေဟစနစ်ကိုရေရှည်တည်တံ့စေဖို့ ၊ ဒေသစိမ်းလန်းစိုပြည်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်ဖို့ ၊ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် မှာရှိတဲ့ ကျေးရွာများကို လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ဒီရေလှိုင်းရိုက်ခတ်ခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များဘေးမှ ဒီရေတောအပင်များနဲ့ တံတိုင်းကြီးတစ်ခုသဖွယ် ကာကွယ်တားဆီးနိုင်ဖို၊ ဒီရေတောနယ်နိမိတ်အတွင်း သစ်တော၊ ရေ၊ မြေ၊ သားငှက်တိရစ္ဆာန်များအတွက် ဘေးကင်းလုံခြုံပြီး တည်ငြိမ်သောဂေဟစနစ်ကို ဖြစ်ပေါ်လာစေဖို့ နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်လာနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်လို့ ဆိုပါတယ်။

အဆိုပါ ဒီရေတော ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း ဒီရေတော အပင်မျိုးစိတ်များဖြစ်တဲ့ လမု၊ လမဲ့၊ သမဲ့၊ ကန့်ပလာ၊ ဗြူးအုပ်ဆောင်း၊ ခရာပင်များပေါက်ရောက်ပြီး ငါး၊ ပုစွန်၊ ကဏန်းတို့ ပေါက်ဖွားရာ နေရင်းဒေသလည်း ဖြစ်ပါတယ်။

ခရုစုပ်ငှက်၊ ဝန်ပိုငှက်၊ နှုတ်သီးဝိုင်းရေညှောင့်ငှက်၊ တောဘဲ ဒက်းကျီးငှက် စတဲ့ရေပျော်ငှက်များ ကျက်စားရာဒေသလည်း ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group