#LocalNews
Published - 28 March 2022

 

ကမ်းခြေဒေသနှင့် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုတွေများပြားနေပြီး ဟိုတယ်အချို့ ဘိုကင်ပြည့်နေတယ်လို့ သိရပါတယ်။

 

"ဧည့်သည်တွေကတော့ ပုံမှန်ပါပဲ၊ သူ့အဖွဲ့နဲ့သူတော့ လာကြပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ ဧည့်ပိုဝင်တာပေါ့။ သင်္ကြန်ရုံးပိတ်ရက်အတွက်လည်း အခုထဲက ကြိုတင်ဘိုကင်တွေ လုပ်ထားကြတဲ့ ဧည့်သည်တွေရှိပါတယ်။ တချို့ဟိုတယ်တွေဆို ဘိုကင်တွေပြည့်နေတယ်။ အရင်ကာလတွေထက်စာရင် အခုကာလမှာ ခရီးသွားတွေ ပြန်ဝင်လာကြတာပေါ့နော်။ ရှေ့လလည်း ပိတ်ရက်တွေရှိတော့ ခရီးသွားတွေ ရှိနေအုံးမယ်လို့ပဲ မှန်းပါတယ်။"လို့ ချောင်းသာကမ်းခြေရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ယခုလက်ရှိကာလမှာလည်း သင်္ကြန်ရုံးပိတ်ရက်အတွက် ဟိုတယ်ဘိုကင်ကြိုတင်မှုတွေ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

 

"ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ ပုဂံသွားဖို့ပြင်ဆင်နေတာပါ။ ဒါပေမယ့် ဟိုမှာက အဖွဲ့လိုက်တည်းလို့ရတဲ့ ဟိုတယ်က အခန်းတွေ ဘိုကင်ပြည့်နေတယ်ပြောလို့ အခုကျန်တဲ့ တည်းခိုလို့ရမယ့် နေရာကို ကျွန်တော်တို့ရှာနေပါတယ်။"လို့ ရန်ကုန်မြို့မှာနေထိုင်သူ လူငယ်တစ်ဦးက ပြောပြခဲ့ပါတယ်။

 

လက်ရှိကာလမှာ ပြည်တွင်းခရီးသွားလာမှုက (၅၀) ရာခိုင်နှုန်းအထက်မှာ ရှိနေတာဖြစ်တယ်လို့လည်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

 

ဒါ့အပြင် ပုဂံဒေသကို လာရောက်ကြမယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားလက်မှတ်နှင့် မှတ်ပုံတင်ကို ယူဆောင်လာရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

"သင်္ကြန်ရက် ပုဂံကိ လာလည်မယ့် ဧည့်သည်တွေအနေနဲ့ မှတ်ပုံတင် မဖြစ်မနေပါရမယ်။ မြို့အဝင်မှာ ကိုဗစ်လက်မှတ် နေ့စဉ်စစ်ဆေးနေပါတယ်။ကျန်တာကတော့ မလိုပါဘူး။ ကိုယ်ပိုင်ကားနဲ့ လာမယ်ဆိုရင် ကားနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းပြည့်စုံအောင် ယူလာပါလို့ အကြံပေးပါရစေ။"လို့ ပုဂံဒေသရှိ ဧည့်လမ်းညွှန်တစ်ဦးက ပြောပြခဲ့ပါတယ်။

 

ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုတွေ လျော့ကျလာခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နှစ်လည်ပိုင်းမှစလို့ ကမ်းခြေဒေသနှင့် ပုဂံဒေသသို့ ပြည်တွင်းခရီးသွားတွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

 

ymg/kg
#Yangon_Media_Group