#LocalNews
Published - 28 March 2022

 

မိမိနိုင်ငံအတွင်းမှာရှိတဲ့ အာဆီယံအမွေအနှစ်ဥယျာဉ်တွေမှာ တိရစ္ဆာန်မျိုးစိတ်များ၊ အပင်မျိုးစိတ်များ၊ သဘာဝအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နေပုံနဲ့ ပတ်သက်ပြီး အနုပညာလက်ရာ ဖန်တီးမှုတို့ကို ပြသခွင့်ရမယ့်အစီအစဉ်မှာ လူငယ်ပညာရှင်များပါဝင်နိုင်ဖို့ ကြေညာထားပါတယ်။

 

၂၀၂၂ ခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ ကျင်းပသွားမယ့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး အာဆီယံလူငယ်များ တင်ပြဖော်ထုတ်ရေးအစီစဉ်အတွက် ပါဝင်ချင်တဲ့ လူငယ်ပညာရှင်များအနေနဲ့ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး Online Application Channal https://aypb.aseanbiodiversity.org/yas မှတစ်ဆင့် လျှောက်ထားနိုင်တယ်လို့ ကြေညာထားပါတယ်။

 

“ ကြေညာထားတဲ့ link မှာ တိုက်ရိုက်သွားလျှောက်လို့ ရပါတယ်။ သူတို့သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် တိုက်ရိုက်လျှောက်လို့ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အဓိကက အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာသွားပြီးတော့ အနုပညာတစ်ခုဖန်တီးရမှာပေါ့။ ဘယ်လိုလဲဆိုတော့ နည်းပညာအသုံးပြုပြီးတော့လည်း လုပ်လို့ရတယ်။ ပန်းချီတို့ ကာတွန်းအချက်အလက်နဲ့ တင်တာမျိုး တခြားဟာတွေနဲ့လည်း လုပ်လို့ရပါတယ်” လို့ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဓာတ်ပုံဖြင့်ဖြစ်စေ၊ ဗီဒီယိုဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အနုပညာလက်ရာ ဖန်တီးမှုတစ်ခုခု (ဥပမာ-ပုံရိပ်ယောင်နည်းပညာ/ကာတွန်းအချက်အလက်များဖြင့် တင်ပြခြင်း) ဖြင့်ဖြစ်စေ အနုပညာဖန်တီးလို့ရပြီး အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံကို လူငယ်ပညာရှင် နှစ်ယောက်ရွေးချယ်သွားမယ်လို့ သိရပါတယ်။

 

“တစ်နိုင်ငံကို နှစ်ယောက်နှုန်းရွေးချယ်ပြီး အနုပညာလက်ရာ ၂၀ ကိုသာ အာဆီယံပြည်သူတွေကို ချပြမှာပေါ့နော်။ ချပြတဲ့နေရာမှာလည်း ကိုယ့်မူပိုင်ခွင့်တွေ၊ လိုအပ်တဲ့ သင်တန်းတွေ အတွေ့အကြုံတွေကို လူငယ်တွေရမှာပေါ့။ ပြီးတော့ သူတို့သွားရောက်ရိုက်ကူးမယ့်ဒေသအတွက် အထောက်အကူပြုပစ္စည်းတွေ ခရီးစရိတ်တွေဘာတွေကိုလည်း ASEAN Center for Biodiversity အဖွဲ့ကနေ ထောက်ပံ့ပေးမယ်လို့ ပြောထားပါတယ်” လို့ လူငယ်ရေးရာဦးစီးဌာနက YMG ကို ပြောပါတယ်။

 

ပါဝင်လိုသူတွေအနေနဲ့ အသက် ၁၈ မှ အသက် ၃၅ နှစ်ကြား အာဆီယံနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး သက်ဆိုင်ရာဒေသဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုရေးသားနိုင်ပြီး အစီအစဉ်အားလုံးတွင် ပါဝင်နိုင်သူဖြစ်ရမယ်လို့ ကြေညာထားပါတယ်။

 

ymg/ei
#Yangon_Media_Group