#LocalNews
Published - 26 March 2022

 

ခရီးလမ်းပန်းလုံခြုံစိတ်ချရမှုတွေ အားနည်းနေသေးသည့်အတွက် ကချင်ဒေသသို့ ခရီးသွားဝင် ရောက်မှုတွေက ပြီးခဲ့သည့်နှစ်များမှစလို့ ယခုအချိန်ကာလအထိ လျော့နည်းကျဆင်းလျက်ရှိတယ်လို့ အဆိုပါဒေသရှိခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

 

"ခရီးသွားတွေက ဝင်တာနည်းတယ်လေ၊ မရှိသလောက်ပါပဲ၊ အရင်လိုမဟုတ်ဘူး။ အခုက မဖြစ်မ နေ အလုပ်ကိစ္စလောက်ပဲလာကြတဲ့သူတွေရှိတယ်။ အရင်လို Express ကားကြီးတွေ ဘုရားဖူးကားတွေ ဒီနှစ်ပိုင်းတွေမှာလာတာ အလွန်နည်းသွားပြီ။ ခရီးသွားတွေကျတာက ကိုဗစ်ဖြစ်ထဲက ကျတာပေါ့ ။ အခုကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်၊ ခရီးလမ်းပန်းလုံခြုံစိတ်ချရမှု အားနည်းတယ်၊ အဲ့အတွက် ဒီဘက်ကိုလာကြတဲ့ ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ အတော်လေးနည်းသွားတယ်။ ဘာလို့လဲဆို သူက စစ်ကိုင်းတိုင်းထဲကနေ ဖြတ်ပြီး တော့လာရတာ စစ်ကိုင်းတိုင်းထဲဖြတ်ပြီးမှ ဒီဘက်ရောက်တာကိုး အဲ့တော့ လမ်းခရီးလာရတဲ့အပိုင်းမှာ အခက်အခဲလေးတွေရှိတယ်။ အခုကတော့ ဒီဘက်ကိုလာမယ်ဆိုရင် လေကြောင်းလမ်းတစ်ခုပဲရှိတာပေါ့။ ပြောရရင် ခရီးသွားလုပ်ငန်းတွေက အခုကာလမှာ တုန့်ဆိုင်းနေတဲ့သဘောပါပဲ။"လို့ မြစ်ကြီးနားမြို့အခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက YMG ကို ယခုလိုပြောပြခဲ့ပါတယ်။

 

ပြည်တွင်း၊ပြည်ပခရီးသွားတွေ စိတ်ဝင်တစားနဲ့ အများဆုံးလာရောက်လည်ပတ်ကြတဲ့ ကချင်ပြည်နယ်ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ မနောပွဲတော်ကိုလည်း ကိုဗစ်အခြေအနေ တွေကြောင့် မကျင်းပနိုင်တဲ့ အနေအထားမှာရှိနေတာကြောင့် ခရီးသွားဝင်ရောက်မှုတွေ ကျဆင်းခဲ့တာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ဆိုပါတယ်။

 

"မနောပွဲတော်ကိုလည်း မကျင်းပနိုင်တာကြာခဲ့ပြီ။ ကိုဗစ်ဖြစ်ထဲကပေါ့၊ အားလုံးသိတဲ့အတိုင်း မ နောပွဲတော်ဆိုတာကလည်း တအားစည်တဲ့ပွဲတော်တစ်ခုဖြစ်တယ်။ ကချင်ပြည်နယ်ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တယ်။ ပွဲတော်ရက်ဆို ပြည်တွင်း၊ပြည်ပ ခရီးသွားတွေနဲ့ တအားစည်တယ်။ အခုနောက်ပိုင်းကာလတွေမှာ ဒီလိုပွဲတော်တွေကို ပြန်ပြီးတော့ ကျင်းပလာနိုင်မယ်ဆိုရင် ခရီးသွား တွေက ပြန်တက်လာမှာပေါ့။

 

ဒါပေမယ့် ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ကတော့ ကျွန်တော်ထင်ပါတယ်၊ အချိန်ကာလတစ်ခုအထိ စောင့်ရမှာပါ။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ကချင်ဒေသဟာ အထင်ကရ လည်ပတ်အပန်းဖြေစရာနေရာတွေ များပြားသည့်ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ အများအပြားလာရောက်လည်ပတ်ကြတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

 

"ဒီဘက်ကတော့ လည်ပတ်စရာတွေက မြစ်ဆုံရှိမယ်၊ အင်းတော်ကြီးဒေသရှိမယ် ကျန်တဲ့လည်ပတ်စရာတွေ အပန်းဖြေစခန်းတွေလည်း အများကြီးပေါ့နော်။တချို့ခရီးသွားတွေကျတော့လည်း ပူတာအိုဒေသ ရေခဲတောင်တန်းတွေအထိ သွားရောက်လည်ပတ်ကြတာတွေရှိတယ်။" လို့ သူက ထပ်လောင်းပြောပြခဲ့ပါတယ်။

 

လက်ရှိ ကချင်ဒေသသို့ ခရီးသွားဝင်ရောက်မှုက ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းသာရှိနေပြီး ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ကိုလည်း ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက မျှော်လင့်လျက်ရှိနေကြပါတယ်။

 

ymg/kg
#Yangon_Media_Group