#LocalNews
Published - 22 March 2022

 

ဧရာတီတိုင်းဒေသကြီး လပွတ္တာမြို့ပေါ်ကို ကျေးရွာမှာနေထိုင်ကြတဲ့ မုန်တိုင်းရှောင်ပြည်သူတစ်ထောင်ကျော်နီးပါးဟာ မုန်တိုင်းရှောင်ဖို့ရောက်ရှိလာကြတဲ့အတွက် ကူညီကယ်ဆယ်ဖို့ လပွတ္တာမြို့အခြေစိုက် နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ YMG ကိုပြောပါတယ်။

မိုး/ ဇလရဲ့ နေ့လည်ပိုင်းခန့်မှန်းချက်အနေနဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ လက်ရှိအခြေအနေအနေမှာ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိလို့ အညိုရောင်အဆင့်ရောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

လပွတ္တာမြို့ ကိုးနဝင်းပရိပတ္တိစာသင်တိုက်မှာ လာရောက်မုန်တိုင်းရှောင်နေတဲ့ ပြည်သူ ၂၀၀ ကျော်အတွက် လိုအပ်တာတွေ ဝိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့က မုန်တိုင်းလာရှောင်နေသူတွေ လိုအပ်တာတွေ ဖြည့်ဆည်းပေးနေပါတယ်၊ အလှူရှင်တွေလည်း ဝိုင်းဝန်းရှာပေးတယ်။ အခုလက်ရှိ ကိုးနဝင်းပရိပတ္တိစာသင်တိုက်မှာ အယောက် ၂၀၀ လောက်ရှိတယ်။ တခြားနေရာတွေမှာ မုန်တိုင်းရှောင်တဲ့သူတွေ ရှိသေးတယ်၊ အားလုံးပေါင်း မြို့ပေါ်မှာ မုန်တိုင်းရှောင်သူ တစ်ထောင်ကျော်လောက်ရှိမယ်၊ အခုလက်ရှိမှာတော့ လပွတ္တာမြို့မှာ မိုးရွာပြီး လေတိုက်တာ၊ မြစ်ရေတက်တာတော့ ရှိပါတယ်” လို့ နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မုန်တိုင်းအဆင့်သတ်မှတ်ချက်အနေနဲ့ မြန်မာနိုင်ငံကို ဖြတ်သန်းခါနီးဖြစ်တာမို့ အနီရောင်လို သတ်မှတ်သလို၊ ဖြတ်သန်းနေချိန်ဆိုရင် အညိုရောင်သတ်မှတ်ပြီး ဖြတ်သန်းပြီးချိန်ကို အစိမ်းရောင်အဖြစ် မုန်တိုင်းအဆင့်တွေကို သတ်မှတ်လေ့ရှိပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မနေ့ညပိုင်းက စတင်ပြီး ရန်ကုန်အပါအဝင် နေရာအများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းတာမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

 

ymg/ ei

Photo - နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ လပွတ္တာမြို့
#Yangon_Media_Group