#LocalNews
Published - 22 March 2022

 

မုန်တိုင်းလာရာလမ်းမှာရှိနေတဲ့ ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေများအား မတ်လ ၂၁ ရက် နေ့မှစတင်ပြီး ခေတ္တယာယီပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

 

ကမ်းခြေဒေသမှာရှိနေတဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့လည်း ယမန်နေ့မှစတင်လို့ မိမိတို့နေထိုင်ရာဒေသသို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်တယ်လို့ ချောင်းသာဒေသခံများက ပြောပါတယ်။

 

"ဒီကနေ့ မနက်အထိတော့ မုန်တိုင်းနဲ့ ပတ်သက်ပြီး ဘာမှထူးခြားတာမရှိသေးပါဘူး။ ရာသီဥတုအခြေအနေကတော့ မိုးတွေအုံ့နေတယ်။ ကမ်းခြေလည်း ပိတ်ထားလိုက်ပြီ။ ဧည့်သည်တွေ အဝင်မခံတော့ဘူး၊ ကမ်းခြေမှာရှိနေတဲ့ ဧည့်သည်တွေကလည်း ပြန်သွားကြတာရှိပါတယ်။ ကမ်းခြေပိတ်တယ်ဆိုတာကလည်း အခုမုန်တိုင်းကာလရက်လေးပါပဲ။"လို့ ချောင်းသာဒေသခံတစ်ဦးက YMG ကိုပြောပြခဲ့ပါတယ်။

 

မုန်တိုင်းကြောင့် ကမ်းခြေတွေကို ခေတ္တပိတ်လိုက်တာဖြစ်သလို လက်ရှိရောက်နေတဲ့ ဧည့်သည်တွေကို ဟိုတယ်တွေကပါ ပြန်လွှတ်နေတာဖြစ်ပါတယ်။

 

" အခုမုန်တိုင်းရက်တွေမှာတော့ ဒေသခံတွေက နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ စုပြီးနေကြတာတွေရှိတယ်။ လက်ရှိအနေအထားက ချောင်းသာမှာ ရေတွေဘာတွေတော့ မတက်သေးဘူး။ ပုံမှန်အနေအထားပါပဲ၊ မုန်တိုင်း အခြေအနေကိုတော့ ဆက်ပြီး စောင့်ကြည့်နေတာပေါ့။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ဧရာဝတီတိုင်းဟာ အပန်းဖြေကမ်းခြေများတည်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနဲ့ ဂေါ်ရင်ဂျီကမ်းခြေဆိုပြီး နာမည်ကျော်ကမ်းခြေ (၃)ခုတည်ရှိတာပါ။

 

"ဒီရက်အတွင်းမှာ လာမယ့်ဧည့်သည်တွေကတော့ ရှေ့လကိုရွှေ့သွားကြတာပေါ့။ ရှေ့လက ဧပြီလလည်းဖြစ်တယ်၊ သင်္ကြန်ပိတ်ရက် တွေလည်းရှိတော့ ချောင်းသာကမ်းခြေကိုလာဖို့အတွက် ဧည့်သည်တော်တော်များများက ကြိုတင်ဘိုကင်တင်ထားတာတွေတော့ရှိပါတယ်။" လို့ ၎င်းက ထပ်လောင်းပြောပြခဲ့ပါတယ်။

 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးမှ ဖြတ်ကျော်မည့်အခြေအနေကြောင့် အနီရောင်အဆင့်သတ်မှတ်လိုက်တယ်လို့လည်း မိုး/ဇလ ဦးစီးဌာနက ဒီကနေ့ မတ်လ ၂၂ ရက်၊ နံနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group