#LocalNews
Published_ 19 March 2022

 

     မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများ ၊ မြန်မာနိုင်ငံ အတွင်း အစုလိုက်ကူးစက်ဖြစ်ပွားမှုများနှင့် ပြည်တွင်းကူးစက်မှုများမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိနေရာတွင် ယခုထပ်မံ၍ SARS CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုး BA.2 ကို ဓာတ်ခွဲနမူနာ (၃၁) ခုတွင်တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ညတွင်ကြေညာထားပါတယ်။

 

     ထုတ်ပြန်မှုတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၃၁) ခုအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေသနတပ်တွင် (၁၅-၃-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး BA.2 ကို ဓာတ်ခွဲ နမူနာ (၃၁) ခုတွင် တွေ့ရှိရကြောင်း၊Omicron (အိုမီခရွန်) ရောဂါပိုး BA.2 တွေ့ရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းဖော်ပြထားပါတယ်။

 

     နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.2 သည် Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.1 ထက် ကူးစက်မှု ပိုမိုမြန်ဆန်သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် သေဆုံးမှုတို့လျော့နည်းကြောင်း တွေ့ရှိရသည်ဟုဖော်ပြထားပါတယ်။

 

     လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

#ymg_mnn
#Yangon_Media_Group