#LocalNews
Published - 17 March 2022

 

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ချယ်ရီထက် ရင်ဆိုင်နေရသော ပုဒ်မ ၅၀၅ (က) အမှုအတွက် သက်သေများခေါ်ရန်ခက်ခဲသောကြောင့် သက်သေမခေါ်တော့ဘဲ လာမည့် မတ်လ ၂၄ ရက် တွင် လျှောက်လဲခက်ပေးကာ မတ်လ ၃၁ ရက် တွင် အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။

 

"ချယ်ရီထက်က ဒီနေ့ သက်သေကျန်တဲ့သူအကုန်ပယ်လိုက်ပြီ ။ နောက်တစ်ပတ်မှာ လျှောက်လဲချက်ပေးမယ်။နောက်တစ်ပတ်မှာအမိန့်ချမယ်။ ဘယ်သူ့မှ မစစ်ဘူး။ မစစ်တော့ဘူး။ အကုန်လုံးပယ်လိုက်ပြီ။ခေါ်ဖို့ခက်လို့၊ သူပြချင်ပြမယ်၊ မပြချင် မပြတော့ဘူးပေါ့။ သူကအစစ်ခံပြီးသားလေ။ သူ့ကိုစစ်ပြီးပြီဖြစ်တဲ့အတွက် ကျန်တဲ့သက်သေတွေကို သူကအကြောင်းကြောင်းကြောင့် မခေါ်တော့တာပေါ့။ မခေါ်ဘဲနဲ့ လျှောက်လဲချက်ပေးမယ်။နောက်တစ်ပတ်မှာ လျှောက်လဲချက်ပေးမယ်။ လျှောက်လဲချက်တဲ့နေ့မှာ အမိန့်မချဘူး။ နောက်တစ်ပတ်မှအမိန့်ချမှာ"ဟု ယင်း၏ ရှေ့နေက YMG ကို ပြောသည်။

 

ချယ်ရီထက်အတွက် ထွက်ဆိုကြမည့်သက်သေများကို ရုံးချိန်းချိန်းဆိုခဲ့ရာတွင် မတ်လ ၁၇ ရက် (ယနေ့)ထိ သက်သေများ မလာရောက်နိုင်ခဲ့ကြသည်မှာ လေးကြိမ်ရှိခဲ့ခြင်းဖြစ်သည်။

 

ချယ်ရီထက်မှာ လက်ရှိတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်သုံးနှစ်ချမှတ်ခံထားရသူ ဖြစ်သည်။

 

၎င်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်း စွဲချက်တင်ခဲ့ရာ ချယ်ရီထက်က မိမိအနေဖြင့် ပြစ်မှုမြောက်စေသည့်ကိစ္စများ မလုပ်ခဲ့ကြောင်း သူ့ကို စွဲဆိုထားသော ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက် တရားခွင်၌ ပြောဆိုခဲ့ပြီး ဖြစ်သည်။

 

လွန်ခဲ့သော၂၀၂၁ ခုနှစ် ဇွန်လအတွင်းတွင် NLD ပါတီ၏ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေပုံ ၊ လက်နက်ကိုင်ဆောင်ထားသည့်မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ်ပြန်ချက်များ ၊ပြည်ပသတင်းဌာနများ၏သတင်းရုပ်သံဖိုင်များ စသည်တို့ကို အပြန်အလှန်ပေးပို့ခဲ့ကြသည်ဆိုကာ ရဲတပ်ဖွဲ့က ချယ်ရီထက်ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

 

ymg/mt
#Yangon_Media_Group