#LocalNews
Published - 17 March 2022

 

ဒီကနေ့ ပြွန်တန်ဆာမြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ FUSO ဆီဘောက်ဆာယာဥ် မီးလောင်မှုကြောင့် ယာဥ်ပေါ်ပါလူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

 

ယင်းဖြစ်စဥ်ဟာ ဒီက နေ့(မတ်လ ၁၇ ရက်)၊ နံနက် ၁၀ နာရီ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပင်းတလဲကွေ့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၇၆/၆)အနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

အဆိုပါ ဆီဘောက်ဆာယာဥ်ဟာ ဂါလံ ၂၈၀၀ ဒီဇယ် လောင်စာဆီများတင်ဆောင်လာသော FUSO ဆီတင်ဘောက်ဆာယာဥ်တစ်စီး ဖြစ်ပါတယ်။

 

ဆီဘောက်ဆာယာဥ်မီးလောင်မှုကို ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်မှာ မီးငြိမ်းနိုင်ခဲ့တာပါ။

 

အဆိုပါ ဆီဘောက်ဆာယာဥ် မီးလောင်မှုမှတစ်ဆင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်အချို့သို့လည်း မီးကူးစက်လောင်ကျွမ်းမှုတွေလည်း ရှိခဲ့ပါတယ်။

 

ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူ (၂)ဦးကိုလည်း ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

Photo - MFSD

ymg/kg
#Yangon_Media_Group