#LocalNews
Published -16 Mar 2022

ကလေးအကျဉ်းထောင်တွင် အကျဉ်းသား၊အချုပ်သား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိအပါအဝင် အရာရှိ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ကြိုးစားမှုဖြစ်ပွားခဲ့တယ်လို့ နစကရဲ့ထုတ်ပြန်ချက်အရသိပါတယ်။

ဖြစ်စဉ်မှာ ကလေးအကျဉ်းထောင်၌ မတ်လ၁၅ရက်ယနေ့ညနေပိုင်းတွင် အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် ဒုတိယတာဝန်ခံအရာရှိတို့ ၂ ဦး ဦးဆောင်သည့် ဝန်ထမ်းများမှ စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံရေးကိစ္စရပ်များပြောဆိုနေစဉ် အမှတ်(၅)အိပ်ဆောင်မှ အချုပ်သား ဗန်ဒိန်း (ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့် အင်အား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတိယတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နှင့် ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုး တို ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်အတွင်းမှ ထွက်ပြေး လွတ်မြောက်ရန် ကြံစည်ကြိုးစားမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အချုပ်သား ဗန်ဒိန်း(ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့်အဖွဲ့မှ တာဝန်ခံအရာရှိပါ၃ ဦး အား ဓားစာခံအဖြစ်ဖမ်းချုပ်စဉ် တာဝန်ခံအရာရှိမှ ပြန်လည်ခုခံသဖြင့် လွှတ်မြောက်သွားခဲ့ပြီး ဒုတိယ တာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူး ၂ ဦးတိုအား စည်းကမ်းထိန်းသိမ်းရေးရုံးဘေး၌ ချုပ်နှောင်ထားခဲ့ရာ အကျဉ်းထောင်တာဝန်ခံအရာရှိမှ ဗဟိုကင်းပေါ်သို့ ချက်ချင်းတက်ရောက်ပြီး Hand Speaker ဖြင့် ဖမ်းဆီးထားသော အရာရှိ ၂ ဦးအား ပြန်လွှတ်ပေးရန်နှင့် မိမိအိပ်ဆောင်သို့ ပြန်လည်ဝင်ရောက်ရန် အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း‌ လိုက်နာမှုမရှိသဖြင့် ၎င်းတို့ အား ချောက်လှန့် သည့် သဘောအနေဖြင့် MA-11 သေနတ်ဖြင့် ၃ ချက် မိုးပေါ်သို့ ပစ်ခတ်ခဲ့သော်လည်း လိုက်နာခြင်း မရှိသဖြင့် ၎င်းလူအုပ်စုအောက်ပိုင်းသို့ MA-11 သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦး၊ ပေါင်း ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေနတ်ဖြင့်ပစ်ခတ်ချိန်တွင် ဒုတိယတာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူးတို့ မှာ ပြန်လည် လွတ်မြောက်လာကာ အချုပ်သားများမှာ ဆေးရုံဆောင်နှင့် အမှတ်(၅)အိပ်ဆောင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓားစာခံအဖြစ်ထိန်းသိမ်းခံရစဉ် ဒုကြီးကြပ်ရေးမှူး၏ ဝဲဘက်လည်ပင်းနှင့် မေးရိုးတို့ ၌ ပြတ်ရှဒဏ်ရာ ၁ ချက်စီ(မစိုးရိမ်ရ)ရရှိသွားသဖြင့် ကလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသ ပေးလျက်ရှိပြီး အကျဉ်းထောင်၌ ပုံမှန်လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ဆောင်ရွက် လျက်ရှိ တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ymg/hm
#Yangon_Media_Group